အစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ရေးတင်းမာမှုများ ဖြစ်ပွားနေခြင်းသည် တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုအတွက် ယုံကြည်မှု ပျက်ပြားစေသည်ဟု ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ အရေးပေါ် အစည်းအဝေးအပြီး ပြန်လည်သုံးသပ်ခဲ့ကြသည်ဟု တိုင်းရင်းသားခေါင်းဆောင်များက ပြောသည်။
“ဒီဆွေးနွေးမှုအပေါ်မှာ ယုံကြည်မှု ပျက်ပြားသွားတာပေါ့၊ အဲဒီကိစ္စနဲ့ ဆက်စပ်ပြီးတော့ အထင့်အငေါ့တွေ ဖြစ်တာပေါ့။ အစိုးရက တစ်ဖက်က နိုင်ငံရေးအရ ဆွေးနွေးပြီးတော့ တစ်ဖက်က စစ်ရေးအရ လုပ်နေတဲ့ အပေါ်မှာ စေတနာမှ ရိုးသားရဲ့လား၊ ဒါမှမဟုတ် အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကို မလိုလားတဲ့ အင်အားစုတွေရဲ့ လှုပ်ရှားမှုလား။ ဒါမှမဟုတ် ဖိအား တစ်ခုလား၊ တွက်စရာတွေတော့ အများကြီး ဖြစ်လာ တယ်။ ယုံကြည်မှု အများကြီး လျော့ကျသွားတယ်” ဟု UNFC ၏ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်၊ NCCT ၏ အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက မဇ်္စျိမကို ပြောသည်။
အလားတူ လတ်တလော တိုက်ပွဲဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုမှာ နှောင့်နည်းမှု၊ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် စိုးရိမ်မကင်းဖြစ်ရသည်ဟု UNFC ၏ တွဲဖက်အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး ခွန်ဥက္ကက ပြောသည်။
ဧပြီလအတွင်း ကချင်ပြည်နယ်တွင် တိုက်ပွဲများ ထပ်မံဖြစ်ပွားခြင်း၊ စစ်ရေးတင်းမာနေခြင်းများကြောင့် တစ် နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုပ်မူကြမ်းညှိနှိုင်းရာတွင်လည်း ယုံကြည် မှု လျော့ကျစေသည့် အချက်များကို ထည့်သွင်းပြောကြားရန် လိုအပ်လာပြီဟု နိုင်ဟံသာက ပြောသည်။
အစိုးရနှင့် တိုင်းရင်းသားအဖွဲ့တို့ ၂၀၁၄ ခုနှစ်၊ မေလဆန်းတွင် ပြန်လည် တွေ့ဆုံဆွေးနွေးရန် ကြေညာ ထားပြီး ဖြစ်သော်လည်း ယခုကဲ့သို့ ယုံကြည်မှု ပျက်ပြားစေသည့် အချက်များကြောင့် တွေ့ဆုံမှုကို ရွှေ့ ဆိုင်းနိုင်သည်ဟု နိုင်ဟံသာက ဆိုသည်။ ဆွေးနွေးပွဲရွှေ့ဆိုင်းပါက နှစ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စား လှယ်နှစ်ဦး၊ သုံးဦး စသဖြင့် အလွတ်သဘော ညှိနှိုင်းမည်ဟု ၎င်းက ဆိုသည်။
အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့၏ အကြီးတန်းအရာရှိ ဦးလှ မောင်ရွှေကမူ “ဆွေးနွေးပွဲကို ရွှေ့တယ် မရွှေ့ဘူးဆိုတာကတော့ တရားဝင် မရှိသေးလို့ ရွှေ့တယ်ဆိုတာ မဟုတ်ပါဘူး၊ NCCT က ချင်းမိုင်မှာ ဧပြီလ ၂၆၊ ၂၇ မှာ အစည်းအဝေး လုပ်ဖို့ရှိတယ်။ အဲဒီ့ အစည်းအဝေး က ကြာမလား၊ အဲဒီက အခြေအနေအရ သူတို့ဘက်က ပြောင်းမယ်ဆိုတာမျိုး ရှိမလား၊ အလွန်ဆုံး ရွှေ့ လည်း ပထမပတ်ကနေ ဒုတိယပတ်ပါ ပဲ” ဟု မဇ်္စျိမကို ပြောသည်။
ကချင်ပြည်နယ်တောင်ပိုင်း မန်စီမြို့နယ်အတွင်း ဧပြီလ ၁၀ရက်က တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး အစိုး ရဘက်က ကေအိုင်အေ၏ တပ်စခန်းအချို့ကို သိမ်းယူခဲ့သည်။ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းသည် စစ်ပြေးဒုက္ခ သည်စခန်းများနှင့် နီးကပ်လာသဖြင့် ဒုက္ခသည်စခန်းမှ စစ်ဘေးရှောင်သူများနှင့် ဒေသခံ ငါးထောင်ကျော် လွတ်ငြိမ်းရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ကချင်အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။
အစိုးရစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲ ဖြစ်ပွားနေမှုကို UNFC က မကြာမီ ရက်ပိုင်းအတွင်း သက်ဆိုင်ရာ အစိုးရထံ အိတ်ဖွင့်ပေးစာပို့ခြင်းနှင့် ကြေညာချက် ထုတ်ပြန်မည်ဟု နိုင်ဟံသာက ပြောသည်။
အစိုးရနှင့် ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော NCCT ခေါင်းဆောင်များသည် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ မူဘောင်များ ချမှတ်နိုင်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များ ပြန်လည်သုံးသပ်ရန် လာမည့် ဧပြီလ ၂၈၊ ၂၉ ရက် များတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ထပ်မံဆွေးမည်။