မြစ်ကြီးနားကျောက်မျက်စျေး မေလဖွင့်မည်ဖြစ်သော်လည်း ကုန်ကြမ်းအခက်အခဲ စိုးရိမ်နေရဆဲဖြစ်ဟုဆို

မြစ်ကြီးနားကျောက်မျက်စျေး မေလဖွင့်မည်ဖြစ်သော်လည်း ကုန်ကြမ်းအခက်အခဲ စိုးရိမ်နေရဆဲဖြစ်ဟုဆို
by -
မဇ္စျိမ

မြစ်ကြီးနား ကျောက်မျက်အချောထည်စျေးကို မေလ ၁၅ရက် ၀န်းကျင်တွင် ဖွင့်လှစ်ရန်ပြင်ဆင်ထားပြီး ဖြစ်သော်လည်း ကျောက်မျက်ကုန်ကြမ်း ရရှိရေးအတွက်မူ လက်ရှိအချိန်အထိ အခက်အခဲများစွာ ရှိနေဆဲဖြစ်သည်ဟု ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဦးသောင်းကြည်က မဇ္စျိမကို ပြောသည်။

လက်ရှိတွင် ဒေသခံကျောက်မျက်လုပ်ငန်းရှင်များ စုဆောင်းသည့် ကုန်ကြမ်းများဖြင့် အချောထည် ထုတ်လုပ်ကာ ဆိုင်ခန်းများဖွင့်လှစ်ရောင်းချခြင်းဖြင့် မြစ်ကြီးနား ကျောက်မျက်စျေးကို စတင်သွားမည်ဖြစ်သည်။ နောက်ပိုင်းတွင် ကုန်ကြမ်း လိုအပ်ချက်များအတွက် စိုးရိမ်ရကြောင်း ဧပြီ ၁၀ ရက်က မဇ္စျိမ၏ မေးမြန်းမှုကို ဖြေကြားပြောသည်။

ဦးသောင်းကြည်က “ဖွင့်တာကတော့ မေလ ၁၅ ၀န်းကျင်လောက်မှာ ဖွင့်သွားမှာပါ။ ဒါပေမယ့် အခုချိန်အထိ ဖားကန့်ကနေ မြစ်ကြီးနားကို ကျောက်မျက်သယ်ယူခွင့် မပေးသေးတော့ နောက်ပိုင်းမှာ ကုန်ကြမ်းရရှိမှု အတွက် အခက်အခဲတော့ဖြစ်လာမှာ စိုးရိမ်စရာရှိတယ်။ လောလောဆယ်ကတော့ ဒေသခံတွေစုဆောင်းထား တဲ့ ကုန်ကြမ်းတွေနဲ့ စနိုင်ပေမယ့် နောက်ပိုင်းအတွက် စိုးရိမ်စရာရှိတယ်”ဟုပြောသည်။

ဖားကန့်ဒေသမှ ထွက်ရှိသည့် ကျောက်မျက်ကုန်ကြမ်းများကို မန္တလေး ၊ နေပြည်တော် ၊ မိုးကောင်း ဒေသများသို့ သယ်ယူခွင့်ရှိသော်လည်း ဖားကန့်မှ မြစ်ကြီးနားသို့ တိုက်ရိုက်ကျောက်မျက်သယ်ယူခြင်းကိုမူ အစိုးရမှ ခွင့်ပြုမှုမရှိသေးခြင်းကြောင့် ယင်းအပေါ်ရည်ညွှန်းကာ ဦးသောင်းကြည်ကပြောသည်။

ယင်းက“ကျောက်မျက်ပွဲတွေကတဆင့် ကုန်ကြမ်းကိုပြန်ဝယ်ရတော့ လေလံစျေးကြီးပေးဝယ်ရတယ်။ ပြီးတော့မှ မြစ်ကြီးနားကို တစ်ခါပြန်သယ်ဆိုတော့ အချောထုတ်ရတာ မကိုက်ဘူး၊ နိုင်ငံတော်အနေနဲ့ ကျသင့်တဲ့ အခွန်ကိုကောက်ပြီး ဖားကန့်ကနေ မြစ်ကြီးနားကို တိုက်ရိုက်သယ်ခွင့်ပေးလိုက်ရင် ဒေသခံတွေရဲ့ အချော ထည်ထုတ်လုပ်မှုအတွက် အများကြီးအဆင်ပြေသွားမှာ။ အဲဒီတစ်ခုကတော့ အချောထည်စျေးကွက် ကြီးမား လာဖို့ နောက်နှေးစေလိမ့်မယ်ထင်တယ်”ဟုပြောသည်။

သို့ဖြစ်ရာ ကျောက်မျက်အချောထည်စျေးအတွက် လိုအပ်သည့် ကုန်ကြမ်းများအား မန္တလေး နှင့် နေပြည်တော် ကျောက်မျက်လေလံပွဲများမှတဆင့် ပြန်လည်ဝယ်ယူနေရခြင်းဖြစ်ရာ စျေးကြီးမြင့်မှုများ ကြံုတွေ့နေရခြင်း ဖြစ်သည်ဟု ဆက်လက်ပြောသည်။