သင်္ကြန်ပွဲတော်ကာလတွင် ရန်ကုန်တိုင်းအတွင်း ဘာသာရေး လူမျိုးရေး ပဋိပက္ခများ မဖြစ်စေရန် တိုင်း အတွင်းရှိ ရဲတပ်ရင်းအားလုံးကို ထုတ်သုံးကာ မြို့နယ်စခန်းများကိုလည်း အရန်အဖြစ် စုဆောင်းဖွဲ့စည်း ထားပြီး လုံခြံုရေးတာဝန်ယူ ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းနယ်စပ်ရေးရာနှင့် လုံခြံုရေးဝန်ကြီး ဗိုလ်မှူး ကြီးတင်ဝင်းက မဇ္ဈိမကို ပြောသည်။
“အင်အားအနေနဲ့တော့ ရှိတဲ့အင်အားကို ထုတ်နုတ်ပြီးတော့ ဒီမှာအင်ပြည့်အားပြည့် သုံးရမှာဖြစ်ပါတယ်။ အရန်ကောဘာကော အကုန်သုံးမှာပါ။ ဒီသင်္ကြန်ကာလမှာ ရဲတပ်ရင်းတွေကို အကုန်ထုတ်သုံးသွားမှာပါ” ဟု ၀န်ကြီးက ပြောသည်။
မှော်ဘီရဲတပ်ရင်း နှစ်ခု၊ ရွှေပြည်သာ ရဲတပ်ရင်း၊ လှိုင်သာယာရဲတပ်ရင်း၊ ရွှေမြရာ ရဲတပ်ရင်း၊ ပဲခူးရဲတပ် ရင်း၊ မင်္ဂလာဒုံ ရဲတပ်ရင်းများရှိ ရဲတပ်ရင်းခုနစ်ခုစလုံးရှိ ရဲအင်အားအကုန်ထုတ် အသုံးပြုသွားမည် အပြင် မြို့နယ်ရဲစခန်းများရှိ ရဲများဖြင့်လည်း လုံခြံုရေးအတွက် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။
“ဒီကြားထဲဖြစ်တဲ့အပေါ် မူတည်ပြီးတော့ အင်အားတိုးချမှာပါ။ ထူးခြားလာရင် ထူးခြားသလို ကျွန်တော်တို့ အရန်အဖွဲ့တွေ ထိုးထည့်ပြီးတော့ ဆောင်ရွက်ပေးသွားမယ်”ဟုလည်း ၎င်းက ပြောသည်။
ရန်ကုန်မြို့တွင် (၁၁)ကြိမ်မြောက် ရခိုင်သင်္ကြန်ပွဲတော်ကို ကျင်းပမည်ဖြစ်ရာ ပွဲတော်အတွက် လုံခြံုရေးယူ ပေးရန် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အကူအညီတောင်းထားသည်ဟု ရိုးရာ သင်္ကြန်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာစံလှကျော်က ပြောသည်။
“လုံခြံုရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အကူအညီတောင်းထားတယ်။ ပွဲကျင်းပရေး ကော်မတီအောက်မှာ လည်း လုံခြံုရေးကော်မတီ ဖွဲ့ထားတယ်။ နောက်ပြီး စီစီတီဗီကင်မရာ ရှစ်လုံးတပ်ဆင်မယ်၊ အဝင်ပေါက် တွေမှာ စစ်ဆေးမယ်”ဟု ဒေါက်တာစံလှကျော်က မဇ္ဈိမကိုပြောသည်။
ရခိုင်ရိုးရာသင်္ကြန်ကို နံ့သာသွေး ပွဲတော်၊ ဘုရားရေသပ္ပာယ်ပွဲတော်တို့ကို ရွှေတိဂုံဘုရားအလယ်ပစ္စယံရှိ ရခိုင်ဓမ္မာရုံတွင် ကျင်းပမည်ဖြစ်ပြီး သင်္ကြန်ရေလောင်းပွဲတော်ကို ရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏ ကွင်းတွင် ကျင်းပမည်ဖြစ်သည်။
လှည်းကူး
ဧပြီ ၄ ရက်က ပဋိပက္ခဖြစ်ပေါ်ခဲ့သည့် လှည်းကူးမြို့နယ်တွင် လက်ရှိပုံမှန်အနေအထားရောက်ရှိသော် လည်း သင်္ကြန်ကာလတွင် လုံခြံုရေးတိုးမြှင့်ချထားမည်ဖြစ်သည်။ လှည်းကူးမြို့နယ်တွင် ခိုက်ရန်ဖြစ်ပွားမှု များ ထပ်မံကြံုတွေ့လာပါက သွားရောက်ဖြေရှင်း ဆောင်ရွက်နိုင်ရန် လုံခြံုရေးအဆင်သင့် စီမံထားသည်ဟု ဦးတင်ဝင်းက ဆိုသည်။
မိတ္ထီလာ
၂၀၁၃ ခုနှစ်၊ မတ်အတွင်းက ပဋိပက္ခများဖြစ်ပေါ်ခဲ့ပြီး သင်္ကြန်ပွဲတော်ကျင်းပနိုင်ခြင်းမရှိသည့် မိတ္ထီလာတွင် မူ ယခုနှစ်သင်္ကြန်ပွဲတော် ကျင်းပမည်ဖြစ်ပြီး နေရာအလိုက် ရဲတပ်ဖွဲ့ ၃၅ ဖွဲ့ကို အလှည့်ကျ တာဝန်ပေးကာ လုံခြံုရေးယူသွားမည်ဟု မိတ္ထီလာခရိုင်ဦးစီးအရာရှိ ဦးမြင့်အေးက မဇ္ဈိမသို့ ပြောသည်။
“အင်အားခွဲတမ်းတွေ ဘယ်လိုချထားတယ်ဆိုတာကတော့ လုံခြံုရေးအရ သိခွင့်မပေးထားဘူး။ ဘယ်လိုနေ ရာတွေမှာချမယ်ဆိုတာလည်း ပြောခွင့်မပေးထားဘူး။ ဒါပေမဲ့ လုံခြံုရေးနေရာတွေကတော့ အတိအကျ ထွက်ရှိပြီးပြီ။ ဒုက္ခသည်စခန်းတွေမှာရှိတဲ့ သူတွေလည်း နေခင်းပိုင်းတွင် ပုံမှန်အချိန်အတိုင်း ထွက်ခွင့်ရရှိ မယ်”ဟု ဦးမြင့်အေးက ပြောသည်။
လားရှိုး
၂၀၁၃ ခုနှစ်၊ မေလအတွင်း ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည့် လားရှိုးမြို့တွင်မူ မဏ္ဍပ်ရှစ်ခု တည်ဆောက်ခွင့် ပြုထားပြီး လုံခြံုရေးအပြည့်အဝ တာဝန်ယူဆောက်ရွက်သွားမည်ဟု ခရိုင်ရဲတပ်ဖွဲ့ဝင်တို့က ဆိုသည်။ “ပဋိ ပက္ခဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ နောက်ထပ်မဖြစ်ပွားအောင် လှည့်ကင်းများဖြင့် ဆောင်ရွက်နေတယ်။ နောက်ပြီး ၀ုိင်းပတ်ပိတ်ဆို့စနစ်နဲ့ ဆောင်ရွက်နေတယ်။ ပြစ်မှုကျူးလွန်ခဲ့တဲ့နေရာတွေမှာ လုံခြံုရေး ယူထား တယ်။ ဘယ်နေရာတွေမှာ နေရာယူထားတယ်ဆိုတာ ပြောလို့မရဘူး။ ရှိတဲ့ ရဲအင်အားနဲ့ လုံခြံုရေးတာဝန် ယူဆောင်ရွက်နိုင်တယ်”ဟု လားရှိုးမြို့နယ် ဒု-ရဲအုပ် ထွန်းထွန်းက ပြောသည်။
ရခိုင်ပြည်နယ်ရှိ မြို့ကြီးများ
ရခိုင်ပြည်နယ်ရှိ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် မြို့အများစုတွင် သင်္ကြန်ပွဲတော်အတွက် ပြင်ဆင်နိုင်ခြင်း မရှိသေးဟု ရခိုင်ပြည်နယ် မြို့နယ်အသီးသီးသီးမှ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဝင်များက ဧပြီ ၈ ရက် တွင် မဇ္ဈိမကို ပြောသည်။
ရခိုင်ပြည်နယ် ခရီးသွားမြို့ဖြစ်သော မြောက်ဦး၊ မောင်တော၊ စစ်တွေမြို့ အပါအဝင် သံတွဲမြို့များတွင် သင်္ကြန်မဏ္ဍပ်များ ဧပြီ ၈ ရက်အထိ စီစဉ်ဆောက်လုပ်ခြင်းမရှိသေးဟု ဒေသခံများက ဆိုသည်။
“ပုဒ်မ ၁၄၄ လည်းထုတ်ပြန်ထားတော့ သင်္ကြန်မဏ္ဍပ်တွေ ယိမ်းအကတွေ ဒီနှစ်မလုပ်ဖြစ်တော့ဘူး”ဟု သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွင်က မဇ္ဈိမ ကို ပြောသည်။ ငပလီမြို့နယ်ခွဲတွင်မူ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်း မရှိသည့်အတွက် ဟိုတယ်များ၏ အစီအစဉ်ဖြင့် မဏ္ဍပ်များ ဆောက်လုပ်မည် ဖြစ်ပြီး ငပလီကမ်းခြေ လုံခြံုရေးကိုမူ တင်းကျပ်စွာချထားပေးမည် ဟုလည်း ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ် သင်္ကြန်မဏ္ဍပ်များတွင် ညအချိန်များတွင်မူ ရိုးရာယိမ်းအကများဖြင့် မဏ္ဍပ်များတွင် ဖျော်ဖြေ လေ့ရှိကာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသဖြင့် ထိုပျော်ပွဲရွှင်ပွဲများကို သံတွဲမြို့အပါအဝင် မြို့နယ်အချို့တွင် ကျင်းပနိုင်မည်မဟုတ်ဟု ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းက ပြောသည်။
“ရခိုင်ပြည်နယ်မှာဖြစ်တဲ့ ပြဿနာတွေကြောင့် ပြည်သူတွေ သင်္ကြန်ပွဲတော်ကိုတောင် စည်စည်ကားကား မကျင်းပနိုင်တာ သုံးနှစ်လောက်ရှိပြီ”ဟု ဦးအောင်ကျော်ညွှန့်က ပြောသည်။
သံတွဲမြို့တွင်းမှ လူငယ်တစ်ဦးဖြစ်သည့် “ကိုမင်းမင်းစိုးက မြို့တစ်မြို့လုံးမှာ မဏ္ဍပ်တစ်ခုတောင် မဆောက် ဘူးဆိုတော့ သင်္ကြန်မရှိတာနဲ့အတူတူပဲ။ သင်္ကြန်မှာပျော်ဖို့ အားခဲထားတဲ့ လူငယ်တွေက ဘာလုပ်ရမှာ လဲ”ဟု ပြောသည်။
“အရင်နှစ်တွေကဆို မြောက်ဦးမှာ မဏ္ဍပ်ပေါင်း ၂၀ က ၃၀ ကြား ဆောက်တယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ၁၀ ခုလောက်ပဲ ဆောက်တယ်၊ ဒီနှစ်တော့ မဆောက်သေးဘူး”ဟု ကိုထွန်းထွန်းက မဇ္ဈိမကိုပြောသည်။
ပြည်
ပြည်ခရိုင်အတွင်းရှိ မြို့နယ်ခြောက်ခုတွင်မူ လုံခြံုရေးအင်အား ရ၀၀ ကျော် ချထားမည်ဟု ခရိုင်ရဲမှူး ခင်မောင်သန်းက ပြောသည်။ “ပြည်ခရိုင်တစ်ခုလုံးမှာ အဓိကတော့ ပြည်မြို့မှာဖြစ်တယ်။ မဏ္ဍပ်တိုင်း ရပ်ကွက်တိုင်းမှာ လုံခြံုရေး အပြည့်အဝယူ ပေးမယ်”ဟု ပြောသည်။