အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးမှုကို မူလက သတ်မှတ်ထားသည့်အတိုင်း လာမည့် သြဂုတ်လ မတိုင်မီ ပြီးစီးနိုင်မည်ဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။
အပစ်ရပ်မူကြမ်းတစ်ခုတည်း ရေးဆွဲရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ဆွေး နွေးပွဲကို ဧပြီ ၅ ရက်မှ စတင်၍ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန MPC တွင် စတင်ဆွေးနွေးခဲ့ပြီး နောက်ဆုံးရက်ဖြစ်သည့် ဧပြီ ၈ ရက် ဆွေးနွေးပွဲအပြီး ဒေါက်တာ ဆလိုင်းလျန် မှုန်းဆာ ခေါင်းက မီဒီယာသမားများနှင့်တွေ့ဆုံစဉ် မဇ္ဈိမ၏မေးမြန်းမှုကို ဖြေကြားလိုက်ခြင်း ဖြစ်သည်။
“ကျွန်တော့်အမြင်က ပြန်ဆုံရင်မူကြမ်းပြီးမယ်။ ရှစ်လပိုင်းအထိ စောင့်ဖို့မလိုတော့ဘူးထင်တယ်။ မေလ ဇွန်လလောက်မှာ လက်မှတ်ထိုးနိုင်ပါမယ်” ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ဆိုသည်။
အစိုးရ နှင့် တိုင်းရင်းသားခေါင်းဆောင်များ၏ လေးရက်ကြာဆွေးနွေးပွဲအပြီးတွင် အပစ်ရပ်ရေးအတွက် မူကြမ်း တစ်ခုတည်း Single Text ပထမမူကြမ်းကို ရေးဆွဲနိုင်ခဲ့ပြီး လာမည့် မေလပထမအပတ်တွင် ထပ်မံဆွေးနွေးရန် သဘောတူညီ ခဲ့ကြသည်။
နောက်တစ်ကြိမ်တွေ့ဆုံရာတွင် မူကြမ်းကို ထပ်မံရေးဆွဲမည်ဖြစ်ပြီး တစ်ကြိမ်တည်းနှင့် အပြီးလုပ်ဆောင်နိုင်ရန် အချိန်ယူ၍ နှစ်ပတ်၊ သုံးပတ်ခန့် ဆွေးနွေးသွားမည်ဟုလည်း ဆို သည်။
လေးရက်ကြာ ဆွေးနွေးမှုပိုင်းနှင့် ပတ်သက်ပြီး တပ်မတော်ဘက်မှ ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက “တစ်ဦးကိုတစ်ဦး ပွင့်ပွင့်လင်းလင်းနဲ့ ပိုဆွေးနွေးလာနိုင်တယ်။ ကျွန် တော်တို့ မျှော်မှန်းထားတဲ့အတိုင်းပဲ ငြိမ်းချမ်းရေးကို မလွဲမသွေရမှာပါ” ဟု ပြောသည်။မူကြမ်းတစ်ခုတည်း ရေးဆွဲရာတွင် ညှိနှိုင်းရမည့် စကားလုံးအသုံးအနှုန်းများရှိနေပြီး ယင်းတို့ကို နှစ်ဖက်ခေါင်းဆောင်များထံ တင်ပြမည်ဖြစ်ကာ လက်ရှိညှိနှိုင်းရမည့် စကားလုံးများမှာ ဖက်ဒရယ်၊ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်တို့ဖြစ်ပြီး ယင်းစကားလုံးများနှင့်ပတ်သက်၍ မေလအစည်းအဝေးတွင် ပြန်လည်ဆွေးနွေးမည်ဖြစ်သည်။
“အခြေခံမူမှာ ညှိနှိုင်းရခက်တာရှိတယ်။ သူတို့အနေနဲ့က ကျွန်တော်တို့သုံးတဲ့ စကားလုံးအချို့ကို ပြန်စဉ်း စားဖို့ တင်ပြတာရှိတယ်။ ဥပမာအားဖြင့် တော်လှန်ရေးဆိုတဲ့ စကားလုံး။ ဖက်ဒရယ်ဆိုတဲ့ စကားလုံး ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ စကားလုံးတွေ ညှိနှိုင်းဖို့ ပြောတယ်။ ကျွန်တော်တို့က ပြန်လည်ရှင်းပြတယ်” ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ဆိုသည်။
လေးရက်ကြာ ဆွေးနွေးပွဲတွင် စစ်တပ်ဘက်မှ ၀င်ရောက်ဆွေးနွေးမှုများကိုလည်း အားရကျေနပ်မှုရှိသည် ဟုလည်းဆိုသည်။ အပစ်ရပ်မူကြမ်းတစ်ခုတည်းအတွက် မေလအတွင်း အပြီးဆွေးနွေးပြီးပါက တစ်နိုင်ငံ လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးမည်ဖြစ်ကာ နောက်ပိုင်းတွင် နိုင်ငံရေးဆွေးနွေးပွဲ များ ပြုလုပ်သွားမည်ဖြစ်သည်။
လေးရက်ကြာဆွေးနွေးပွဲသို့ သီးခြားဖိတ်ကြားထားသော အဖွဲ့ငါးဖွဲ့ဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေးတပ်မတော်၊ နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ၀ပြည်သွေးစည်း ညီညွတ် ရေးတပ်မတော်တို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့သည်။