ဧပြီလဆန်းတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ရေးဆွဲမည့် အပစ်ရပ်ရေးဆိုင်ရာ တစ်ခုတည်းသော မူကြမ်းရေးဆွဲရေးအတွက် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တွင်မပါ၀င်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ငါးဖွဲ့ကို အစိုးရက တာဝန်ယူ ဖိတ်ကြားရာ လေးဖွဲ့ တက်ရောက်မည်ဟု အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အကြီးတန်းအရာ ရှိဦးလှမောင်ရွှေက မဇ္ဈိမကို ပြောသည်။
အဆိုပါအစည်းအဝေးမှာ ရန်ကုန်မြို့၊ Myanmar Peace Center တွင် ဧပြီလ ၅ ရက်နှင့် ၆ ရက်များတွင် ကျင်းပမည် ဖြစ်သည်။
ဦးလှမောင်ရွှေက “အဖွဲ့ ငါးဖွဲ့ကို ဖိတ်တယ်၊ “၀” ၊ မိုင်းလား၊ RCSS နဲ့ ABSDF လေးဖွဲ့က လာတက်မယ်လို့ အကြောင်းပြန်တယ်၊ နာဂကတော့ အကြောင်းပြန်မလာသေးဘူး၊ NCCT ကလည်း ဧပြီ လ ၂ ရက် ညနေရောက်မယ်”ဟု ပြောသည်။
အပစ်ရပ်ရေးတွင် မပါရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ဖိတ်ခေါ်ရခြင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်ရေးတွင် သဘောတူလက်မှတ်ထိုးနိုင်ရန် ဖြစ်သည်ဟု ဦးလှမောင် ရွှေက ဆိုသည်။
နှစ်ဖက်မူကြမ်းများအား ပူးပေါင်းကာ တစ်ခုတည်း ပြန်လည်ရေးဆွဲမည့် ဆွေးနွေးပွဲတွင် NCCT ဘက် ဗိုလ်ချုပ်ဂွန်မော်၊ နိုင်ဟံသာတို့ အပါအဝင် ၂၅ ဦး တက်ရောက်မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းကို စာရင်းပေးပြီးဖြစ်သည်ဟုလည်း ဦးလှမောင်ရွှေက ပြောသည်။
NCCT ၏အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက “၅ ရက်နေ့ဆွေးနွေးပွဲမှာ အပစ်ရပ်ရေးမှာ ၀င်ရောက်ဆွေးနွေး ခြင်းမရှိထားသေးတဲ့ အဖွဲ့တွေနဲ့ NCCT နဲ့ မိတ်ဆက်မယ်၊ ခိုင်မာတဲ့ အပစ်ရပ်ရေးဖြစ်ဖို့၊ နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးနိုင်ဖို့ တကယ်အရေးကြီးတယ်၊ ဒါတွေကိုပဲ အဓိကဆွေးနွေးမယ်”ဟု ပြောဆိုသည်။
NCCT ဘက်တွင် မပါ၀င်သော တိုင်းရင်းသားအဖွဲ့အစည်းများကို NCCT ဘက်က ကိုယ်စားလှယ်များ လွှတ်ကာ ညှိနှိုင်းစီစဉ်မှုများလည်း ရှိခဲ့သည်။
ဆွေးနွေးပွဲတွင် မူကြမ်းတစ်ခုတည်းရေးဆွဲရေး အစိုးရဘက်မှ ကိုယ်စားလှယ် ကိုးဦး၊ တိုင်းရင်းသားဘက် မှ မွန်ပြည်သစ်ပါတီမှ နိုင်ဟံသာ၊ NCCT ဒုတိယခေါင်း ဆောင် ဖဒိုကွယ်ထူးဝင်း၊ ကချင်လွတ်မြောက်ရေး တပ်မတော်မှ ဗိုလ်ချုပ်ဂွန်မော်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအစည်းအရုံးမှ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ချင်း အမျိုးသားတပ်ဦးမှ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ဦးရွှေမျိုး သန့်၊ ရခိုင်အမျိုးသားကောင်စီမှ ဦးထွန်းဇော်၊ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်မှ ဗိုလ်မှူးကြီးစောလုံ လုံ၊ သျှမ်းပြည်တိုးတက်ရေးပါတီ (သျှမ်းပြည်တပ်မတော်-မြောက်ပိုင်း) AAPP နှင့် ပလောင်တပ်ဖွဲ့မှကိုယ် စားလှယ်တစ်ဦးစီတို့မှ ဆွေးနွေးမည် ဖြစ်သည်။