သမ္မတနှင့်တွေ့ဆုံမှု အချိန်နည်းသဖြင့် ထိရောက်စွာ မဆွေးနွေးနိုင်ဟု နိုင်ငံရေးပါတီအချို့ ဆို

သမ္မတနှင့်တွေ့ဆုံမှု အချိန်နည်းသဖြင့် ထိရောက်စွာ မဆွေးနွေးနိုင်ဟု နိုင်ငံရေးပါတီအချို့ ဆို
by -
မဇ္ဈိမ

ရန်ကုန်တိုင်းလွှတ်တော်တွင် သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများ ဒုတိယအကြိမ်အဖြစ် မတ်လ ၂၉ ရက် တွေ့ဆုံဆွေးနွေးပွဲသည် အချိန်နည်းသဖြင့် ဆွေးနွေးလိုသည့်အချက်များ ဆွေးနွေးနိုင်ခဲ့ခြင်းမရှိဟု နိုင်ငံရေးပါတီများက မဇ္ဈိမကို ပြောသည်။

“ပါတီတွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံတာက ကောင်းပါတယ်။ ဒါပေမဲ့ တစ်ယောက်ကို ငါးမိနစ်စီပဲ ပြောခွင့်ရ တဲ့အတွက် မြန်မာနိုင်ငံရဲ့အပြောင်းအလဲတွေကို ခြံုငုံပြီး မတင်ပြနိုင်ဘူး။ ဖွဲ့စည်းပုံဆိုရင် မဖြစ်မနေ ပြော ရမယ့်ကိစ္စ၊ ဒါပေမဲ့ သေသေချာချာတင်ပြနိုင်ဖို့ အချိန်မလောက်ဘူး”ဟု ဆွေးနွေးပွဲတတ်ရောက်ခဲ့သည့် ဦးအေးသာအောင်က သုံးသပ်ပြောဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုကိစ္စရပ်များနှင့် ပတ်သတ် ၍ သမ္မတမှ သုံးနှစ်တာကာလအတွင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း သိသာထင်ရှားသည့် အနေ အထားသို့ မရောက်ရှိခဲ့ဟု ဆိုသည်။

ပါတီခေါင်းဆောင်များအနေဖြင့် သမ္မတနှင့် တစ်နှစ်တစ်ကြိမ်ခန့်သာ တွေ့ဆုံရခြင်းထက် အချိန်အတိုင်းအတာ တစ်ခု သတ်မှတ်ကာ မကြာခဏ တွေ့ဆုံဆွေးနွေးလိုသည်ဟု ဆိုကြသည်။

သမ္မတက နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် လက်ရှိ ဖော်ဆောင်နေသည့် တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်း ရေးနှင့် အပစ်အခတ်ရပ်စဲရေး လတ်မှတ်ရေးထိုးပြီးပါက နိုင်ငံရေးဆွေးနွေးပွဲတွင် နိုင်ငံရေးမူ ဘောင်များ ပူးပေါင်း ဆောင်ရွက် ရေးဆွဲသွားနိုင်ရန် ညှိနှိုင်းပြောဆိုခဲ့သည်။

သမ္မတနှင့်တွေ့ဆုံပွဲတွင် ငါးမိနစ် ပြောဆိုခွင့် မဲပေါက်ခဲ့သည့် ကယန်းအမျိုးသားပါတီ အထွေထွေအတွင်း ရေးမှူးဦးနှုန်းရီက “ကျွန်တော် သမ္မတကို အဓိက ပြောချင်တာက တိုင်းရင်းသား တန်းတူညီမျှရေး၊ ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်ရရေး၊ တိုင်းရင်းသားညီလာခံ အမြန်ဖြစ်ရေး တင်ပြချင်တာ၊ ဒါပေမဲ့ အပစ်ရပ်ပြီးနောက်ပိုင်း ဆွေးနွေးပွဲလုပ်မယ်ဆိုတာ ကတိရော တည်မလား မေးခွန်းတွေလည်း ရှိနေသေးတယ်”ဟု ဆိုသည်။

နိုင်ငံတော်သမ္မတတစ်ဦးအနေဖြင့် အချိန်အားလပ်မှုပေါ်မူတည်ကာ ပါတီအားလုံးကို အချိန်မပေးနိုင်သည့် အတွက် မဲနှိုက်ရွေးချယ်ကာ ပါတီ ၁၁ ခုသာ တင်ပြခဲ့သည်များကို နားထောင်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

“ပြောခွင့်မရခဲ့တဲ့ပါတီတွေက ၀န်ကြီးဦးအောင်မင်း၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးတို့ကနေ တစ်ဆင့် အသေးစိတ် စာတင်ဖို့ သမ္မတက ခွင့်ပြုခဲ့တဲ့အတွက် လုံလောက်တယ်လို့ ကျွန်တော့်အနေနဲ့က တော့ ယူဆပါတယ်၊ ဒီလိုစာတင်ဖို့ ခွင့်ပြုတာကလည်း သမ္မတနဲ့ ပါတီတွေကြားမှာ လမ်းဖွင့်ပေးတဲ့ သဘောပါ”ဟု သုံးသပ်ပြောဆိုသည်။

သမ္မတနှင့်တွေ့ဆုံရန် အစိုးရအဖွဲ့မှ တစ်နိုင်ငံလုံးရှိ နိုင်ငံရေးပါတီ ၆၅ ခုမှ ကိုယ်စားလှယ် ၁၇၉ ဦးကို ဖိတ် ခေါ်ခဲ့ပြီး အသျှိုချင်း ဒီမိုကရက်တစ်ပါတီနှင့် ကချင်ပါတီနှစ်ခုမှ ကိုယ်စားလှယ် ၁၀ ဦးမှာ တတ်ရောက် ခဲ့ခြင်း မရှိပေ။

သမ္မတသို့ တင်ပြခွင့်မရသည့် ပါတီများအနေဖြင့် Myanmar Peace Center ၌ မတ်လ ၂၉ ရက်၊ ညနေ ၅ နာရီခန့်တွင် ပြည်ထောင်စုသမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ နိုင်ငံရေး ပါတီခေါင်းဆောင်များမှ မိမိတို့တိုင်းရင်းသားအလိုက် ပြည်နယ်အလိုက် ပြဿနာများကို ပြောဆိုခဲ့ကြ သည်။

Most read this week