မတ်လ ၂၉ ရက်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေးနမ်ဘီးယားတို့ လိုင်ဇာမြို့တွင် တွေ့ဆုံမည့် စီစဉ်ထားသော်လည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ လကုန်ပိုင်းတွင် တွေ့ဆုံမည်ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ ဦးဆန်အောင်က မဇ္စျိမကို ပြောသည်။
“သူအချိန်မရတော့လို့ ချင်းမိုင်မှာပဲ ဗိုလ်ချုပ် ဂွမ်မော်တို့နဲ့ ဒီလကုန်ပိုင်းမှာ တွေ့မယ်လို့ ပြောတယ်။ သူရခိုင်ပြည်နယ် သွားရမယ်ဆိုလားမသိ။ အချိန်မရတော့လို့ လို့ပြောတယ်”ဟု PCG မှ ဦးဆန်အောင်က ပြောသည်။
မစ္စတာ နမ်ဘီးယားသည် ရခိုင်ပြည်နယ်နယ်သို့ သွားရန် ရှိသဖြင့် လိုင်ဇာခရီးစဉ်အား ဖျက်သိမ်းလိုက်သည်ဟု KIO မှ နည်းပညာအထောက်အကူပြုအဖွဲ့ထံ မတ်လ ၂၈ရက် နံနက်ပိုင်းက အကြောင်းကြားခဲ့သည်ဟု ဦးဆန်အောင်က မဇ္စျိမကို ပြောသည်။
အစောပိုင်းက မစ္စတာ နမ်ဘီးယားနှင့် KIO ဗဟိုကော်မတီဝင်များ ကချင်ပြည်နယ်ရှိ ကေအိုင်အိုဌာနချုပ် လိုင်ဇာတွင် တွေ့ဆုံရန် စီစဉ်ခဲ့သည်။ မစ္စတာ နမ်ဘီးယားက သူ၏ ခရီးစဉ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ကြောင်း ဦးဆန်အောင်က ပြောဆိုသည်။
မစ္စတာ နမ်ဘီယားသည် ပြီးခဲ့သည့် သြဂုတ်လအတွင်း လိုင်ဇာမြို့သို့ သွားရောက်၍ KIO ဗဟိုကော်မတီဝင်များ နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။
လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မြန်မာအစိုးရတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် မစ္စတာ နမ်ဘီးယာသည် ကုသလမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် လေ့လာသူအနေဖြင့် တက်ရောက်နေသူ ဖြစ်သည်။