ဘတ်ဂျက်လိုငွေပြတိုင်း ငွေစက္ကူများရိုက်နှိပ်ခြင်းက ငွေကြေးဖောင်းပွမှုဖြစ်ပေါ်ဟုဆို

ဘတ်ဂျက်လိုငွေပြတိုင်း ငွေစက္ကူများရိုက်နှိပ်ခြင်းက ငွေကြေးဖောင်းပွမှုဖြစ်ပေါ်ဟုဆို
by -
မဇ္ဈိမ

ဘတ်ဂျက်လိုငွေပြတိုင်း ငွေစက္ကူများ ထပ်မံရိုက်နှိပ်ဖြေရှင်းခြင်းမှာ ငွေကြေးဖောင်းပွမှုကိုသာ ဖြစ်ပေါ်စေပြီး ရေရှည် အတွက် ကောင်းမွန်သည့် နည်းလမ်း တစ်ရပ်မဟုတ်ဟု Action Aid Myanmar မှတာဝန်ရှိသူ Bart Robertson က ပြောသည်။

မတ်လ ၂၂ရက်တွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုအသင်းချုပ်တွင် ကျင်းပသည့် မြန်မာနိုင်ငံ၏ ရသုံးမှန်းခြေငွေစာရင်း ဆွေးနွေးပွဲတွင် ယင်းက ပြောကြားခြင်းဖြစ်သည်။

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်လိုငွေ ကျပ် ၂,၉၀၀ ဘီလီယံကျော်ရှိခဲ့ပြီး မြန်မာတစ်နိုင်ငံလုံး အသုံးစရိတ်၏ ၁၈ ရာခိုင်နှုန်းရှိခဲ့ကာ အစိုးရအနေဖြင့် ငွေကြေးထပ်မံရိုက်နှိပ်ကာဖြေရှင်းခဲ့ရာ ရေတိုတွင်သာ ဖြေရှင်း၍ရသည်ဟုလည်း ၎င်းက ပြောသည်။

Bart Robertson က “ ငွေကြေးထပ်မံ ရိုက်နှိပ်တာက ရေရှည်မှာ ငွေကြေးဖောင်းပွမှုကို ဖြစ်စေတဲ့အတွက် မကောင်းတဲ့ နည်းလမ်း ဖြစ်တယ်” ဟုပြောသည်။

၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ပျမ်းမျှ ၂ ဒသမ ၈ ရာခိုင်နှုန်းရှိရာ မှ ၂၀၁၃ ခုနှစ်တွင် ပျမ်းမျှ ရ ဒသမ ၈ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံ စာတစ်ရပ် တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (GDP Growth Rate)သည် ဆက်လက် မြင့်တက်နေမည် ဖြစ်သော်လည်း ငွေကြေးဖောင်းပွမှုသည်လည်း ထပ်မံမြင့်တက်နေလျက်ရှိရာ နိုင်ငံခြား အရန်ငွေလည်း နည်းပါးသည့်အတွက် ရိုက်ခတ်မှု တစ်စုံတစ်ရာရှိပါက ထိခိုက်လွယ်မည့် အနေအထား ရှိသည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)မှ သတိပေးထားသည်။

Bart Robertson က “ နိုင်ငံရဲ့ငွေကြေးလိုအပ်ချက်ကို ဖြေဆည်းနိုင်ဖို့က နိုင်ငံပိုင်စီးပွားရေးကို အားပြုလို့ရ ပေမယ့် open market ဖြစ်လာတဲ့အတွက် ပုဂ္ဂလိကလုပ်ငန်းတွေက ပိုများလာတယ်။ နိုင်ငံပိုင် လုပ်ငန်းတွေကနေ နိုင်ငံဝင်ငွေ ပိုများများမရနိုင်တော့တဲ့အတွက် အခွန်ကနေ ရရှိနိုင်တယ်။ မြန်မာနိုင်ငံဟာ အခွန်ရရှိမှု ၄ ဒသမ ၄ ရာခိုင်နှုန်းသာရှိတဲ့အတွက် အများကြီး နည်းနေသေးတယ်” ဟုဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် သဘာဝသယံဇာတကဏ္ဍကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ပါက အခွန်ကောက်ခံရရှိမှု တိုးမြင့်လာပြီး နိုင်ငံဘတ်ဂျက်၏ ငါးဆခန့်ထိ မြင့်တက်နိုင်သည်ဟု ၎င်းက ဆိုသည်။

Most read this week