မြန်မာနိုင်ငံ၏ ရသုံးမှန်းခြေငွေစာရင်း (National Budget) နှင့်ပက်သက်၍ မြန်မာပြည်သူများ၏ အခြေခံ သိရှိမှုမှာ လူဦးရေ၏ နှစ်ရာခိုင်နှုန်းသာရှိသည်ဟု Action Aid Myanmar နှင့် Myanmar Egress တို့မှ ပူးပေါင်းကောက်ယူခဲ့သည့် စစ်တမ်းအရ သိရှိရသည်ဟု Action Aid မှတာဝန်ရှိသူ Bart Robertson က မတ်လ ၂၂ ရက်က ရန်ကုန်မြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတွင် ပြုလုပ်သော ရသုံးမှန်းခြေငွေစာရင်းနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် ပြောသည်။
စစ်တမ်းကောက်ယူရာတွင် ပြည်သူလူထု၏ရ၂ရာခိုင်နှုန်းသည် ရသုံးမှန်းခြေငွေစာရင်းအကြောင်း အနည်းအကျဉ်း သိရှိပြီး ၂၆ရာခိုင်နှုန်းသည် ရသုံးမှန်းခြေငွေ စာရင်းအကြောင်း လုံးဝမသိရှိသည်ကို တွေ့ရှိရသည် ဟု Bart Robertson က ပြောသည်။
Bart Robertson က “ ပြည်သူတွေဘက်က Budget အကြောင်းသိရှိနိုင်မှု နည်းပါးရတာက Budget နဲ့ ပက်သက်တဲ့ရရှိနိုင်တဲ့ သတင်းအချက်အလက်တွေ နည်းပါးနေတာက အကြောင်းရင်းတစ်ခုပဲ။ ပြည်သူတွေ သိထားတဲ့ Budget ကလည်း အစိုးရက အတည်ပြုပြီးသား၊ လုပ်ဆောင်တော့မဲ့ Budget တွေကိုပဲ သိရှိရတာ ဖြစ်တယ်” ဟု ပြောသည်။
ယင်းက ဆက်လက်၍ “ ပြည်သူတွေ သိရှိနိုင်မဲ့ Budget အချက်အလက်တွေက လွှတ်တော်အဖွဲ့ဝင်တွေ ဆီကနေ သတင်း မီဒီယာ၊ မီဒီယာတွေကနေတစ်ဆင့် ပြည်သူတွေ သိရှိရတာဖြစ်တယ်။ ဒါပေမဲ့ စနစ် တကျသတ်မှတ်ပြီးတော့ ဖြန့်ချိတဲ့သတင်း အချက်အလက်တော့ မဟုတ်ပါဘူး” ဟု သုံးသပ်ပြောဆိုသည်။
မြန်မာနိုင်ငံသည် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ၀န်ကြီးဌာနအားလုံး၏ အသုံးစရိတ်တွင် ပညာရေးကဏ္ဍ သည် ၁၁ ဒသမ ၈ ရာခိုင်နှုန်း သုံးစွဲထားပြီး အာဆီယံဒေသတွင်းနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် အနိမ့်ဆုံး ဖြစ် သည်။ ကျန်းမာရေးကဏ္ဍအတွက် ၆ ဒသမ ၅ ရာခိုင်နှုန်း သုံးစွဲထားကာ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ် လျှင် တတိယ အနိမ့်ဆုံးနိုင်ငံဖြစ်နေသည်ဟု Overview of the Myanmar Budget စစ်တမ်းတွင် ဖော်ပြ ထားသည်။
Action Aid Myanmar နှင့် Myanmar Egress တို့မှ ကောက်ယူသည့် စစ်တမ်းအရလာမည့် ဘဏ္ဍာရေး နှစ်တွင် ရသုံးမှန်းခြေငွေစာရင်း၏ ဘတ်ဂျက်ခွဲဝေမှုတွင် ပြည်ထောင်စုအဆင့် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးကဏ္ဍတွင် ပိုမိုတိုင်းမြင့်သုံးစွဲစေလိုပြီး မြို့နယ်ဖွံဖြိုး တိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေးအပြင် မြို့နယ်စည်ပင်သာယာရေး၊ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ပေးရေး၊ ချေး ငွေရရှိရေးကဏ္ဍများတွင် ပိုမိုသုံးစွဲသင့်သည်ဟု ပြည်သူများမှ သဘောထား အမြင်များ ပေးထားကြောင်း Myanmar Egress မှ တာဝန်ရှိသူ ဒေါက်တာစွမ်းလင်းထက်က ပြောသည်။
ရသုံးမှန်းခြေငွေစာရင်း၏ ဘတ်ချက်ခွဲဝေရာတွင် ပြည်သူများအနေဖြင့် လွှတ်တော် ကိုယ်စားလှယ်များမှ တစ်ဆင့် အကြံပြု ပါ၀င်နိုင်သည်ဟု ယူဆရသော်လည်း ရသုံးမှန်းခြေငွေစာရင်းရေးဆွဲရာတွင် ပြည်သူများ အနေဖြင့် ပါ၀င်လွှမ်းမိုးနိုင်မည်ဟု မထင်မြင်ကြောင်း စစ်တမ်းအရ တွေ့ရှိရသည်ဟု ၎င်းက ဆိုသည်။