တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ချင်းအမျိုးသားတပ်ဦး(CNF)၏ ချင်းအမျိုးသားစစ်တပ် (CNA)သည် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးများကို အကာအကွယ်ပေးသည့် Geneva Call၏ သဘောတူစာချုပ်နှင့် လက်နက်ကိုင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှ တားမြစ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုများ ဆန့်ကျင်သည့် သဘောတူစာချုပ်ကို မတ်လ ၁၉ရက်ကလက်မှတ် ရေးထိုးလိုက်ပြီဖြစ်သည်။
ထိုသဘောတူစာချုပ်အရ CNF/CNA အနေဖြင့် ကလေးများကို အကာအကွယ်ပေးရေးနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှ တားမြစ်ရေးအတွက် အပြည်ပြည်ဆိုင်ရာ စံနမူနာသတ်မှ်ချက် အမြင့်ဆုံးအတိုင်း လိုက်နာ ဆောင်ရွက်ရမည်ဖြစ်သည်။
အထူးသဖြင့် CNF/CNA အနေဖြင့် ၁၈နှစ်အောက် ကလေးငယ်များကို စစ်သားအဖြစ် စုဆောင်းခြင်း၊ စစ်ပွဲတွင် အသုံးပြုခြင်းကို ခွင့်မပြုရန်နှင့် ပဋိပက္ခအကျိုးဆက်မှ ကာကွယ်ရန်လည်း လုပ်ဆောင်ရမည်ဖြစ်သည်။ ထို့အပြင် မည်သည့် လိင်အကြမ်းဖက် ပုံစံမျိုးကိုမဆို ပြင်းထန်စွာ ပိတ်ပင်ရန်နှင့် ငြိမ်းချမ်းရေး လမ်းကြောင်းတွင် အမျိုးသမီးများ ပါဝင်ရန်လည်း CNFက အတည်ပြုလိုက်သည်။
မြန်မာနိုင်ငံတွင်ရှိသော လက်နက်ကိုင် အဖွဲ့များတွင် Geneva Call စာချုပ်ကို မွန်ပြည်သစ်ပါတီNMSP, ကရင်နီပြည်တိုးတက်ရေးပါတီKNPPတို့လက်မှတ် ရေးထိုးခဲ့နောက် CNF/CNA လက်မှတ်ရေးထိုးခဲ့သည့် တတိယမြောက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည်။