ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းသည် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်၏ ၁၁ လအတွင်း အမြတ်ငွေ ကျပ်သန်း ၄,၇၀၀ ကျော်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက မတ်လ ၁၉ ရက် လွှတ်တော် အစည်းအဝေးတွင် ပြောကြားလိုက်သည်။
ရရှိငွေ ကျပ် ၁၇,၂၅၃ ဒသမ ၀၀၆ သန်းရှိပြီး သုံးစွဲငွေကျပ် ၁၂,၄၉၀ ဒသမ ၉၈၃ သန်း ရှိသည့်အတွက် ပိုငွေ ကျပ် ၄,၇၆၂ ဒသမ ၀၂၃ သန်း ရှိသည်ဟု ၎င်းက ဆိုသည်။
“ကျွန်တော်တို့ ၀န်ကြီးဌာနက သတင်းနှင့်စာနယ်ဇင်း သတင်းစာထုတ်လုပ်တဲ့ လုပ်ငန်းကို အရှုံးခံပြီး ဆောင်ရွက် နေတယ်ဆိုတဲ့ သတင်းတွေကို မီဒီယာတွေမှာ ဖော်ပြနေပါတယ်။ ပြည်သူလူထုအတွက် သင့်တင့်တဲ့ စျေးနှုန်းနဲ့ ဖတ်ရှုပြီး အရည်အသွေးကောင်းမွန်စွာနဲ့ ရောင်စုံသတင်းစာများအဖြစ် ထုတ်လုပ်ပြီး တစ်စောင်ငါး ဆယ်ကျပ်နဲ့ ရောင်းချနေတာ။ ဒီလိုရောင်းချနေပေမယ့် သတင်းနဲ့စာနယ်ဇင်းလုပ်ငန်းဟာ ၂၀၁၃ ခုနှစ်၊ ဧပြီလကနေ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်၏ ၁၁ လအတွင်း ပို ငွေ ကျပ်သန်း ၄,၇၆၂ ဒသမ ၀၂၃ သန်း ရရှိခဲ့ပါတယ်”ဟု ဒု-၀န်ကြီးက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားခဲ့သည်။
ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာနသည် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း၌ ဘဏ္ဍာငွေရှာဖွေရသော အဖွဲ့အစည်း မဟုတ်ဘဲ ပြည်သူလူထုကို ၀န်ဆောင်မှုပေးရသော အဖွဲ့အစည်းဖြစ်ကြောင်းလည်း ၀န်ကြီးက ပြောကြားခဲ့ သည်။
လာမည့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ၀န်ကြီးဌာနအောက်ရှိ စီးပွားရေးအဖွဲ့အစည်းသုံးခု၏ သာမန်ဝင်ငွေ ကျပ်သန်းပေါင်း ၂၁,၉၂၂ ဒသမ ၈၈၄ သန်း၊ သာမန်အသုံးစရိတ်ငွေ ကျပ်သန်းပေါင်း ၂၃,၄၄၇ ဒသမ ၂၆၆ သန်း နှင့် လိုငွေကျပ်သန်းပေါင်း ၁,၅၂၄ ဒသမ ၃၈၂ သန်း လျာထားဆောင်ရွက်သွားမည်ဟု ဒု-၀န် ကြီးက ဆိုသည်။
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများက ရငွေ၊ သုံးငွေ၊ ပိုငွေ၊ လိုငွေနဲ့ပတ်သက်ပြီး ဖော်ပြတဲ့နေရာမှာ ပြန်ကြားရေးဝန်ကြီးဌာနက စာရင်းအရပေါ့၊ လို ငွေ အနုတ် ၆ ဒသမ ၄၆၇ ဆို တော့ ၆ ဒသမ ၄ ဘီလီယံဆိုပြီး ဖော်ပြထားတယ်။ ဒါကလည်း တင်ပြချက်အရ တွေ့ရှိရတာ”ဟု မှတ်ချက်ပြုခဲ့သည်။