သန်းခေါင်စာရင်းကောက်ရန် အစိုးရကမ်းလှမ်းမှု ကေအိုင်အို ငြင်းပယ်

သန်းခေါင်စာရင်းကောက်ရန် အစိုးရကမ်းလှမ်းမှု ကေအိုင်အို ငြင်းပယ်
by -
မဇ္ဈိမ

ကချင်ပြည်နယ် ကေအိုင်အိုထိန်းချုပ်နယ်မြေများအတွင်း သန်းခေါင်စာရင်းကောက်ယူရေးအတွက် အစိုးရ ကမ်းလှမ်းမှုကို KIO (ကချင်လွတ်မြောက်ရေးအဖွဲ့) က ငြင်းပယ်လိုက်သည်ဟု ကချင်ငြိမ်းချမ်းရေးအကျိုး ဆောင် လမိုင်းဂွန်ဂျာက မဇ္ဈိမကို ပြောသည်။

၎င်းတို့ထိန်းချုပ်နယ်မြေများအတွင်း သန်းခေါင်စာရင်းကောက်ယူရန် မတ်လ ၁၆ ရက်က သမ္မတဦးသိန်းစိန် ကချင်ပြည်နယ်သို့ သွားရောက်သည့်ခရီးစဉ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG-Peace-talk Creating Group)နှင့် တွေ့ဆုံချိန်တွင် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ဦးခင်ရီကမ်းလှမ်းမှုအပေါ်တွင် ကေအိုင်အိုက ငြင်းပယ်ခဲ့ခြင်းမှာ လက်ရှိအချိန်သည် ငြိမ်းချမ်းရေးဆောင် ရွက်နေသည့် ကာလဖြစ်ပြီး ၎င်းတို့နယ်မြေများအတွင်းတွင်လည်း သန်းခေါင်စာရင်းကောက်ယူနိုင်ရန်အတွက် အဆင်သင့်မဖြစ်သေး၍ ငြင်းပယ်ခဲ့ခြင်းဖြစ်သည်ဟု ဦးလမိုင်းဂွန်ဂျာက ပြောသည်။

“ဒေသတွင်းလုံခြံုရေးရယ်၊ အခုလက်ရှိကို ရှေ့တန်းမှာက တိုက်ပွဲတွေဖြစ်နေတုန်းမို့လို့ ဒီကိစ္စကို ပူးပေါင်း ဆောင်ရွက်ဖို့ မဖြစ်နိုင်သေးတာလို့ ပြောပါတယ်”ဟု ဆိုသည်။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နှင့် ၀န်ကြီးဦးခင်ရီတို့သည် မတ်လ ၁၆ ရက် ညနေ ၅ နာရီ မြောက် ပိုင်းတိုင်းစစ်ဌာနချုပ် မလိခရိပ်သာတွင် တွေ့ဆုံကာ ပီစီဂျီမှတစ်ဆင့် ကေအိုင်အိုသို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

အစိုးရ၏ကမ်းလှမ်းချက်ကို ထိုနေ့တွင်ပင် ပီစီဂျီက ကေအိုင်အိုသို့ ဆက်သွယ် ပြောကြားပေးခဲ့ပြီး ကေ အိုင်အိုဘက်မှ နောက်တစ်ရက်တွင် လက်မခံငြင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ဦးလမိုင်းဂွန်ဂျာ၏ ပြောကြား ချက်အရ သိရသည်။

၀န်ကြီးဦးခင်ရီကိုယ်တိုင် ဗိုလ်ချုပ်ဂွမ်မော်၊ ဦးဒေါင်ခါးတို့နှင့် ချင်းမိုင်တွင် တွေ့ဆုံရန် ကမ်းလှမ်းခဲ့သော် လည်း တွေ့ဆုံရန် လက်ခံမှုမရှိသည့်အပြင် မတ်လ ၁ ရက်တွင် ပြုလုပ်သော Launching Ceremony သို့လည်း ကေအိုင်အိုခေါင်းဆောင်များအနေဖြင့် တက်ရောက်ခဲ့ခြင်းမရှိဟု ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်စိုးက ဆိုသည်။

“စစ်တိုက်ဖို့ဆိုရင်တောင် ယောကျ်ားဘယ်လောက်ရှိလဲသိမှ စစ်တိုက်လို့ရပါတယ်။ စစ်ဖြစ်နေတဲ့ နိုင်ငံတွေမှာတောင် ကောက်ပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဖို့ဆိုရင် ပိိုပြီး ကောက်ဖို့လိုပါတယ်။ ကျွန်မ တို့နိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဖို့ ကောက်တာပါ။ ပိုပြီး လိုအပ်ပါတယ်”ဟု ၎င်းက ပြောသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရန်အတွက် ကေအိုင်အိုမှလွဲပြီး တခြားလက်နက်ကိုင်အဖွဲ့ များနှင့်သဘောတူညီမှု ရရှိထားပြီး နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်း ၁၄၀ ကျော်တို့နှင့်လည်း သဘောတူညီထားပြီးဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

ကချင်ပြည်နယ်အတွင်း ဝေးလံခေါင်ဖျားဒေသဖြစ်သည့် ပူတာအိုခရိုင် မြို့နယ်ခြောက်ခုကိုမူ မတ်လ ၂ ရက်မှ ရ ရက်ထိ သန်းခေါင်စာရင်းကောက်ခဲ့ပြီးဖြစ်သည်။

Most read this week