မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် သိမ်းဆည်းလယ်ယာမြေများ ပြန်လည်ရရှိ စေရန် တောင်သူ ၉၅ ဦးက ယမန်နေ့၌ ဒုတိယမြောက်နေ့အဖြစ် ထွန်တုံးတိုက်ပွဲ ဆက်လက်ဆင်နွှဲလျက် ရှိသည်။
မတ်လ ၁ ရက်မှ စတင်ခဲ့သော ထွန်တုံးတိုက်ပွဲကို လယ်ယာမြေ ပြန်လည်မရမချင်း တိုက်ပွဲဝင်သွားမည်ဖြစ် ကြောင်း၊ ထွန်ယက်ပြီးစီးသွားသော လယ်ယာများပေါ်တွင် စိုက်ပျိုးသွား မည်ဟု ဦးဆောင်သူ ကိုရဲရင့်အောင်က မဇ္ဈိမကို ပြောသည်။
သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည် ရရှိစေရန် သက်ဆိုင်ရာဌာနများတွင် အကြိမ်ကြိမ် စာတင်တောင်းဆိုမှုများ လုပ်ခဲ့သော် လည်း ထူးခြားမှုများ မရှိခဲ့ပေ။ အလားတူ ၂ဝ၁၃ ခုနှစ်မှစတင်၍ တရားဝင် စာတင် ဆန္ဒဖော်ထုတ်မှုများ လုပ်ခဲ့သော်လည်း ထူးခြားမှုများ မရှိခဲ့ပေ။ ထို့ကြောင့် ၂ဝ၁၄ ဇန်နဝါရီ ၃ဝ ရက်နေ့တွင် တရားဝင် စာတင်၍ ဆက်လက်ဆန္ဒဖော်ထုတ် တောင်းဆိုရာတွင်လည်း နိုင်ငံတော်အစိုးရ နှင့် သက်ဆိုင်ရာဌာန အသီးသီးမှ ဆောင်ရွက်မပေးသောကြောင့် ထွန်တုံးတိုက်ပွဲ ဆင်နွှဲခြင်းဖြစ်သည်။
''ကျွန်တော်တို့ တောင်သူတွေအနေနဲ့ လယ်မြေတွေပြန်ရဖို့ တရားဥပဒေဘောင်ထဲကနေ စည်းကမ်းနဲ့ အကြိမ်ကြိမ် တောင်းဆိုမှုတွေ လုပ်ပြီးပြီ။ ဒါပေမဲ့ အကြောင်း မထူးခဲ့ဘူး။ အစိုးရအဖွဲ့အပါအဝင် ဌာန အားလုံးက လစ်လျူရှုထားတယ်။ အဒီလို ပြုမူဆောင်ရွက်တာ တောင်သူအားလုံးကို စော်ကားတာပါ။ ဒါကို မခံနိုင်ဘူး။ ဒါကြောင့် ဒုတိယနေ့ဆက်လက် တိုက်ပွဲဝင်နေတာပါ။ တားလည်း ရင်ဆိုင်သွားမှာပါ'' ဟု ကိုရဲရင့်အောင်က ပြောသည်။
လယ်ယာမြေများအား စစ်တပ်၊ သ/မ နှင့် ဌာနဆိုင်ရာအသီးသီးမှ ၁၉၈၆ မှ ၂ဝဝဝ ခုနှစ်ထိ အကြောင်းအမျိုးမျိုးပြ သိမ်းယူထား သည်မှာ လယ်ယာမြေဧက ၁ဝဝဝဝ ကျော်ရှိပြီး သိမ်းဆည်းခံရစဉ်က လည်း နစ်နာကြေးနှင့် မြေယာအစားပြန် လည် ပေးခြင်းများ မရှိသည့်အပြင် အရေး ယူမှုများလုပ်ခဲ့ကြောင်း တိုက်ပွဲဝင်နေသော တောင်သူများက ဆိုသည်။
''သိမ်းထားတဲ့လယ်တွေကို ဘာစီမံ ကိန်းမှ မလုပ်ကြပါဘူး။ သီးစားတွေပဲ ပြန်ချတယ်။ ချတဲ့အခါမှာလည်း အသိမ်းခံရတဲ့ တောင်သူတွေကို ပေးတာမဟုတ်ဘူး။တခြားသူတွေကိုပေးတယ်။ ကျွန်တော်တို့က အငှားလိုက်စားနေရတယ်။ ကိုယ့်လယ် ကိုယ့်ယာရှိရဲ့နဲ့ အငှားလိုက်စားရတာဗျာ ဘယ်လောက် ရင်နာဖို့ကောင်းလဲ။ကျွန်တော်တို့တင် ဒုက္ခရောက်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့ မျိုးဆက်ပါ ဒုက္ခတွေ ရောက်ကုန်တယ်။ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အားလုံးနိမ့်ကျပြီး ဆုံးရှုံးနေတယ်။ လယ်တွေပြန်ရရင်
တောင် မျိုးဆက်တွေရဲ့ ဆုံးရှုံးမှုကို ဘယ်လိုလုပ်ပေး ကြမှာလဲ။ ကျွန်တော်တို့ ဒီနေ့တိုက်ပွဲဝင်နေ တာ တစ်နိုင်ငံလုံးမှာရှိတဲ့တောင်သူတွေ ကိုယ်စား လုပ်နေတာပါ''ဟု လယ်သိမ်းခံ တောင်သူ ဦးဌေးဝင်းက မဇ္ဈိမကိုပြောသည်။
ဒုတိယနေ့တွင် ကွင်းအမှတ် ၁၄၃ နှင့် ၁၄၄ တွင်ရှိသော လယ်ယာမြေဧက ၄ဝဝ ပေါ်တွင် နွား ၁၁ ရှင်းနှင့် ကျွဲနှစ်ရှင်းတို့ဖြင့် မူလလယ်ပိုင်ရှင် ၉၅ ဦးတို့မှ ထွန်တုံး တိုက်ဝင်နေခြင်းဖြစ်ပြီး ဆက်လက်၍ တစ်ကွင်းပြီး တစ်ကွင်း တိုက်ပွဲဝင်သွားကြမည်ဖြစ်သည်။
''ကိုယ်လယ်ကိုယ် ဒီနေ့ပဲ ပြန်သိမ်းပိုက်လိုက်ပါပြီ။ ထွန်ယက်ပြီးတဲ့ လယ်တွေပေါ်ကို ပျိုးကြဲမှုတွေ လုပ်နေပြီ။ ဆက်ပြီးလုပ်မယ်။ မနေ့က လေးဧကပြီးတယ်။ ဒီနေ့ ဘယ်လောက်ပြီးမယ်ဆိုတာ မခန့်မှန်းနိုင်သေးဘူး။ လယ်တွေထဲ ရေရောက်မှုပေါ်မှာ မူတည် တယ်'' ဟု ကိုရဲရင့်အောင်က ပြောသည်။
ထွန်တုံးတိုက်ပွဲဝင်နေမှုများအား သက်ဆိုင်ရာမှ လာရောက်တားမြစ်ခြင်းမရှိပေ။ ထွန်တုံးတိုက်ပွဲ ဆက်လက်ဝင်မည့် မြို့နယ်များမှာ စဉ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ် သပိတ်ကျင်းမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ် တို့မှ ကျေးရွာပေါင်း ၅ဝ ကျော်တို့ဖြစ်သည်။
''ကျွန်မတို့လုပ်နေတာ ဘယ်လောက် ကြာမယ်ဆိုတာမ ပြောတတ်ဘူး။ ရွာ အားလုံး တစ်ပြိုင်တည်း မလုပ်ဘူးဆိုတာက ဆည်ရေသောက်လယ်မြေမို့ပါ။ ရေ လွှတ်လို့ရတဲ့ လယ်နေ့စဉ်လုပ်သွားမှာပါ။ကျွန်မတို့ မကြောက်ပါဘူး အမှန်တရား အတွက် ဆက်လုပ်မှာပါ။ ကြောက်ခဲ့လို့ ဆုံးရှုံးခဲ့ကြပြီးပြီ။ ဆက်ကြောက်နေမယ်ဆို ဘဝတွေ ဒီထက်ပိုဆိုးကုန်တော့မယ်'' လယ်သိမ်းခံတောင်သူ ဒေါ်ခင်ဝင်းက ပြောသည်။
ထွန်းတုံးတိုက်ပွဲဝင်သူ ဒေသခံများသည် တတိယမြောက်နေ့တွင် နံနက် ရ နာရီမှစတင် ဆင်နွှဲသွားမည်ဖြစ်ပြီး ကွင်း အမှတ် ၁၄၉ တွင် ရှိသော သိမ်းဆည်းခံ လယ်ယာမြေ ဧက ၄ဝဝ ကို ပြီးစီးသည်အထိ ထွန်ယက်စိုက်ပျိုး တိုက်ပွဲဝင်သွားမည်ဟု ဒေသခံတို့ပြောသည်။