နိုင်ငံတစ်နိုင်ငံတည်ဆောက်ရာတွင် ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန် တည်ဆောက်သည့်အခါများတွင် ပညာတတ်များဖြင့်သာ တည်ဆောက်နိုင်မည်ဖြစ်ပြီး ပညာတတ်၊ အရည်အချင်းပြည့်ဝသည့် လူငယ်များ ပေါ်ထွက်လာရေးသည် အခြေခံပညာမူလတန်းမှ စတင်ကာ အရေးကြီးသည်ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးသိန်းအောင်ကပြောသည်။
"ကျေးလက်ဒေသက မိဘတွေဟာ စာပေအသိပညာအားနည်းနိုင်တယ်။ ဒါ့ကြောင့် ကလေးတွေကို စာကြိုးစားဖို့၊ ပညာတတ်လူငယ်တွေ မွေးထုတ်ပေးနိုင်ဖို့က ဆရာ/ဆရာမတွေအပေါ်မှာ အများကြီး မူတည်တယ်"ဟု ၀န်ကြီးချုပ် ဦးသိန်းအောင်က ဖေဖော်ဝါရီလ ၂၆ ရက်က ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့နယ်ခွဲ၊ သဇင်ကျေးရွာရှိ ဂျာမန်အန်ဂျီအိုတစ်ခုက အသစ်ဆောက်လုပ်လှူဒါန်းသော ကျောင်းဆောင်သစ်ဖွင့်ပွဲတွင် ပြောသည်။
၎င်းက နိုင်ငံတော်အစိုးရအနေဖြင့်လည်း သင်ရိုးညွှန်းတမ်းများကို ဒေသတွင်းသာမက၊ ကမ္ဘာ့အဆင့်မီအောင် ကြိုးစားပြင်ဆင်နေရာ မကြာခင် သင်ရိုးညွှန်းတမ်းများ ထွက်လာမည်ဟု ဆိုသည်။
ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းခြင်းနှင့် ပတ်သက်ပြီး "နိုင်ငံတော် အစိုးရအနေနဲ့က တစ်တိုင်းပြည် လုံးအတွက် စဉ်းစားရလို့ ဒီလို ကျောင်းဆောက်ဖို့ ငွေကြေးအင်အား မတတ်နိုင်ပါဘူး။ ကျောင်းဆောင်သစ် ကိုရော၊ ရေသန့်စက်ပါ လှူဒါန်းပေးတဲ့ စေတနာရှင်တွေကို ကျေးဇူးတင်ဖို့ ကောင်းတယ်။ အလှူရှင်တွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဆရာ/ဆရာမ တွေဘက်ကရော ကျောင်းသားတွေဘက်ကပါ အထူးကြိုးစားဖို့လို တယ်" ဟု ဦးသိန်းအောင်က ပြောသည်။
ထို့အတူ ဝန်ကြီးက ငွေဆောင်မှ သဇင်ကျေးရွာသို့လာသည့် လမ်းကို ပြုပြင်ရန်အတွက်လည်း ၂၀၁၄-၁၅ ဘတ်ဂျက်ထဲတွင် ထည့်သွင်းပြီး တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် ပြင်ပေးမည်ဟု ထည့်သွင်းပြောကြား ခဲ့သည်။