နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ဖေဖော်ဝါရီလ ၂၅ ရက်စွဲဖြင့် ပေးပို့သည့် အမျိုး၊ ဘာသာ၊ သာသနာဆိုင်ရာ သဝဏ်လွှာကြောင့် အရေးပေါ် အစည်းအဝေး တစ်ရပ်ကို ကျင်းပခဲ့ရသည်ဟု ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဖေဖော်ဝါရီလ ၂၇ရက်တွင် ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက "သမ္မတရေးသားတဲ့ စာနဲ့ ပတ်သက်၍ အရေးပေါ် အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ရပါတယ်" ဟု လွှတ်တော် အစည်းအဝေး စတင်ချိန်၌ အတည်ပြုပြော ကြားသည်။
၎င်းက "အရေးပေါ်အစည်းအဝေးရဲ့ တင်ပြဆုံးဖြတ်မှုနဲ့ လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော် သမ္မတထံ တင်ပြမယ့်စာအတိုင်း စာရေးဖော်ပြပါတယ်"ဟု ဖြည့်စွက်ပြောသည်။
လွှတ်တော်အစည်းအဝေးများကို နေ့စဉ်ပုံမှန် နံနက် ၁ဝနာရီတွင် တိတိတွင် ကျင်းပသော်လည်း ယနေ့(ဖေဖော်ဝါရီ ၂၇ရက်) တွင်မူ အရေးပေါ်အစည်းအဝေးကြောင့် ၁ဝ နာရီ၊ ၄၅ မိနစ်ခန့်မှသာ ကျင်းပနိုင်ခဲ့ပြီး လွှတ်တော်တွင်း အရေးပါသည့် ဥပဒေကြမ်း၊ အဆိုများ၊ အရေးကြီးအဆိုများ တင်သွင်းရာတွင် ယခုကဲ့သို့ နောက်ကျ၍ ကျင်းပသည့် အစည်းအဝးအချို့
ရှိခဲ့သည်ဟု ကိုယ်စားလှယ်အချို့က ပြောသည်။
ယနေ့ ပြုလုပ်ခဲ့သည့် အရေးပေါ် အစည်းအဝေးသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကမူ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်ဘဲ အတွင်းရေးမှူး (ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ) ဦးဝင်းမြင့်သာ တက်ရောက်ခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ က ပြောသည်။
ပုသိမ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က အစည်းအဝေးသို့တက်ရောက်ခဲ့သည်ဟု အတည်ပြုပြောကြားသော်လည်း အစည်းအဝေးတွင် မည်သည့်အကြောင်းအရာများကို အသေးစိတ်ဆွေးနွေး ခဲ့သည်ကိုမူ ပြောကြားရန် ငြင်းဆိုခဲ့ သည်။
"ဆွေးနွေးတာက လွှတ်တော်ဥက္ကဋ္ဌ ရှင်းပြသွားတဲ့ အတိုင်းပါပဲ"ဟု ၎င်းက တယ်လီဖုန်းမှတစ်ဆင့်ဖြေကြားသည်။
အဆိုပါ အရေးပေါ်အစည်းအဝေးသို့ လွှတ်တော်မှ ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်များမှ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး များနှင့် အရေးပါသည့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်ဟု အမည်မဖော်လိုသူ ကိုယ်စားလှယ်တစ်ဦးက အတည်ပြုပြောကြားသည်။
ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ ၆၄၂ ဦးအနက် ၅ဝ၁ ဦး တက်ရောက်ပြီး ၁၁ဝဦး ခွင့်ယူခဲ့သည်။