ပီတီတီအီးပီက ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဒေါ်လာသန်း ၃,၃၀၀ မြှုပ်နှံမည်

ပီတီတီအီးပီက ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဒေါ်လာသန်း ၃,၃၀၀ မြှုပ်နှံမည်
by -
မဇ္ဈိမ

ပီတီတီအီးပီ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင်ဆောင်ရွက်မည့် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများ အတွက် လာမည့်ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာသန်း ၃၃၀၀ ရင်းနှီးမြှုပ်နှံသွားမည်ဟု ယင်းကုမ္ပဏီ၏ နာယကနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Tevin Vongvanich က ဖေဖော်ဝါရီ ၂၅ ရက်တွင် ကုန်သည်ကြီးများဟိုတယ် ၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ပီတီတီအီးပီသည် ထိုင်းနိုင်ငံတွင် အခြေစိုက်သော ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်သည့်ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ကွက်ခုနစ်ကွက်ကို လုပ်ကိုင်လျက်ရှိသည်။

Mr. Tevin Vongvanich က “ပီတီတီအီးပီကုမ္ပဏီအနေနဲ့ ထိုင်းနိုင်ငံပြီးရင် မြန်မာနိုင်ငံမှာ ဒုတိယအများ ဆုံး ရင်းနှီးမြှုပ်နှံထားပါတယ်။ ကုမ္ပဏီအနေနဲ့ ထုတ်လုပ်ရေးပိုင်းတိုးတက်လာဖို့နဲ့ တွေ့ရှိထားတဲ့ ဓာတ်ငွေ့ ပမာဏသက်တမ်းတွေကို ထိန်းသိမ်းဖို့ ဆောင်ရွက်နေပါတယ်။ မကြာခင် ထုတ်လုပ်မဲ့စီမံကိန်းတွေမှာ ပူးပေါင်းပြီးပဲ ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားပါတယ်” ဟု ပြောသည်။

ပီတီတီအီးပီကုမ္ပဏီမှ လုပ်ကိုင်လျက်ရှိသည့် ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်းက မြန်မာနှင့် ထိုင်းနိုင်ငံ တို့၏ စွမ်းအင်လိုအပ်ချက်အတွက် ယခုနှစ်အတွင်း တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၃၀၀ ထုတ်လွှတ်မည်ဖြစ်ရာ နှစ်နိုင်ငံလုံး၏ စွမ်းအင်ဖွံ့ဖြိုးရေးအတွက် အပြောင်းအလဲဖြစ်စေရန် အထောက်အကူပြု မည်ဟု ကုမ္ပဏီတာဝန်ရှိသူများက ပြောသည်။

Mr. Tevin Vongvanich က “ဇောတိက စီမံကိန်းအတွက် အကဲဖြတ်တွင်းတွေ ထပ်တူးဖို့ စီမံလုပ်ဆောင် နေပါတယ်။ အခြားလုပ်ကွက်တွေမှာလည်း ရှာဖွေရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု ပြောသည်။

ပီတီတီအီးပီကုမ္ပဏီသည် ဇောတိက ကမ်းလွန်စီမံကိန်းလုပ်ကွက် အပါအဝင် မုတ္တမပင်လယ်ကွေ့တွင် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်လေးကွက်၊ မြန်မာနိုင်ငံအလယ်ပိုင်းတွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကုန်းတွင်းလုပ်ကွက် သုံးကွက်တို့ကို တစ်ဦးတည်းပိုင်အဖြစ် လုပ်ပိုင်ခွင့်ရရှိထားပြီး ကမ်းလွန်လုပ် ကွက်များဖြစ်သည့် ရတနာနှင့်ရဲတံခွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်များကို Total,  Petronas ကုမ္ပဏီတို့ဖြင့် ဖက်စပ်လုပ်ကိုင် လျက်ရှိနေသည်ဟု သိရသည်။