အသေးစားနှင့်အလတ်စား လုပ်ငန်းဥပဒေ ယခုနှစ်အစောပိုင်းတွင် ပေါ်ထွက်လာဖွယ်ရှိ

အသေးစားနှင့်အလတ်စား လုပ်ငန်းဥပဒေ ယခုနှစ်အစောပိုင်းတွင် ပေါ်ထွက်လာဖွယ်ရှိ
by -
မဇ္ဈိမ

အသေးစားနှင့် အလတ်စားလုပ်ငန်းများဥပဒေမူကြမ်းအပေါ် လုပ်ငန်းရှင်များ၏ အကြံပေးတင်ပြမှုများ အပြီးသတ်ဆောင်ရွက်ပြီးဖြစ်၍ လက်ရှိကျင်းပနေသော နဝမအကြိမ်လွှတ်တော်တွင် ဆွေးနွေးနိုင်တော့ မည်ဖြစ်ပြီး ယခုနှစ် အစောပိုင်းတွင် အတည်ပြုပြဋ္ဌာန်းနိုင်ဖွယ်ရှိသည်ဟု အစိုးရဌာနတာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက မဇ္ဈိမသို့ပြောသည်။

အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဗဟိုဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက “လုပ်ငန်းရှင်တွေဘက်က အကြံပေးတင်ပြမှုတွေလုပ်ပြီးသွားရင် လွှတ်တော်က ဆွေးနွေးတဲ့အပိုင်းပဲ ကျန်တော့မှာပါ။ ဆွေးနွေးမှုပြီးပြတ်သွားတယ်ဆိုရင်တော့ ဒီနှစ်အစောပိုင်းလောက် ထွက်လာဖို့ရှိပါတယ်။ ဒီဥပဒေထွက်လာရင်တော့ ဘယ်လုပ်ငန်းတွေက SMEs စံထဲမှာပါမလဲဆိုတာကို ဖော်ညွှန်းထားမှာဖြစ် တဲ့အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ပိုပြီးတိတိကျကျဖြစ်လာမှာပါ”ဟု ပြောသည်။

အဆိုပါဥပဒေအား အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဗဟိုဌာနက ဦးစီးရေးဆွဲကာ အဋ္ဌမ အကြိမ် လွှတ်တော်အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးနိုင်ရန် လျာထားခဲ့ခြင်းဖြစ်သော်လည်း လုပ် ငန်းရှင်များ၏အကြံပေးတင်ပြမှုများကို ထည့်သွင်းနိုင်ရန် ဆောင်ရွက်ခဲ့ခြင်းကြောင့် အချိန်ကြာမှုရှိခဲ့ခြင်း ဖြစ်သည်ဟု ဒေါ်အေးအေးဝင်းက ရှင်းပြသည်။

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) အတွင်းရေးမှူး ဒေါက်တာမျိုးသက်က “SMEs ဥပဒေမူကြမ်းနဲ့ပတ်သက်လို့UMFCCI ဘက်ကတော့ အကြံပြုချက်ပေး တာတွေ အားလုံးကိုလုပ်ပြီးသွားပါပြီ။ လွှတ်တော်အပိုင်းမှာ ဆွေးနွေးဖို့ပဲကျန်တော့တာပါ” ဟု ဖေဖော်ဝါရီ ၁၂ ရက်က ပြောသည်။

လက်ရှိအချိန်တွင်SMEs လုပ်ငန်းများအတွက် တိကျသည့်အဓိပ်္ပာယ်သတ်မှတ်ချက်မရှိခြင်းကြောင့် လက်တွေ့နယ်ပယ်တွင် ချေးငွေရရှိရေးဆောင်ရွက်ချက်များ၊ နည်းပညာရရှိရေး ဆောင်ရွက်ခြင်းများနှင့်် ချမှတ်ထားသည့် မူဝါဒများအား လိုက်နာဆောင်ရွက်ခြင်းဆိုင်ရာကိစ္စရပ်များတွင် အခက်အခဲများစွာဖြစ် ပေါ်လျက်ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များကဆိုသည်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးနေလင်းဇင်က “အဓိကကSMEs ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ဘယ်အလုပ်တွေပါလဲ။ အသေးစား၊ အလတ်စား ဆိုတာတွေကို ဘယ်လိုစံနှုန်းတွေနဲ့ သတ် မှတ်ထားလဲဆိုတဲ့ ဥပဒေတစ်ရပ် တိတိကျကျထွက်လာမှသာ လုပ်ရတာအဆင်ပြေမှာ။ အခုကSMEs ချေးငွေလို့ပြောပြီး တော်တော်ကြီးတဲ့ လုပ်ငန်းတွေပဲ အဆင်ပြေတာတွေ့ရတော ့SMEs ဖွံ့ဖြိုးရေးဆိုတာနဲ့ပြန်ချိန်ရင် တော်တော်လေး အဆင်မပြေဖြစ်နေပါတယ်” ဟု ပြောသည်။

အဆိုပါ ဥပဒေမူကြမ်းတွင်SMEs လုပ်ငန်းများအဖြစ် ထုတ်လုပ်မှုလုပ်ငန်းများဖြစ်ပါက လုပ်သားတစ်ဦးမှ ၅၀ ဦးနှင့် ရင်းနှီးငွေ ကျပ်သန်း ၅၀၀ အောက် လုပ်ငန်းများအား အသေးစားအဖြစ်လည်းကောင်း၊ လုပ်သား ၅၁ ဦးမှ ၃၀၀ ဦး နှင့် ရင်းနှီးငွေ ကျပ်သန်း ၅၀၁ သန်းမှ သန်း ၁၀၀၀ အထိအား အလတ်စား လုပ်ငန်းများအဖြစ်လည်းကောင်း သတ်မှတ်ထည့်သွင်းရေးဆွဲထားသည်ဟု ဒေါ်အေးအေးဝင်းကပြော သည်။

ခရီးသွားလုပ်ငန်း၊ အိမ်ခြံမြေအကျိုးဆောင်ကဲ့သို့သော ၀န်ဆောင်မှုလုပ်ငန်းများကိုမူ လုပ်သားတစ်ဦးမှ ၃၀ ဦးအထိနှင့် ရင်းနှီးငွေကျပ်သန်း၂၀၀ အောက်အား အသေးစားလုပ်ငန်းအဖြစ်လည်းကောင်း၊ လုပ်သား ၃၁ ဦးမှ ၂၀၀ ဦးအထိနှင့် ရင်းနှီးငွေ ကျပ် ၂၀၁ သန်းမှ ကျပ်သန်း ၅၀၀ အထိအား အလတ်စားအဖြစ် လည်းကောင်းသတ်မှတ်ထားသည်ဟု ဒေါ်အေးအေးဝင်းက ပြောသည်။

နိုင်ငံတော်သမ္မတကိုယ်တိုင် ဦးဆောင်ပါ၀င်သော အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေး ဗဟိုဌာနအနေဖြင့်SMEs ချေးငွေရရှိရေးအစီအစဉ်များဆောင်ရွက်လျက်ရှိနေသော်လည်း ချေးငွေရရှိရေး ဆောင်ရွက်ရာ၌ အခက်အခဲများရှိနေခြင်းမှာ တိကျသည့် ဥပဒေတစ်ရပ်မရှိသေးခြင်းကြောင့်ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက “အခုချိန်ထိSMEs လုပ်ငန်းတွေက ဘာအကူ အညီမှ မရသေးဘူး။ ချေးငွေ၊ နည်းပညာတွေပေး နေတယ်။ အဲဒါကိုရနေတယ်ဆိုတာကလဲSMEs လုပ် ငန်းတွေပါရဲ့လား။ ဒီတော့ အခြေခံထုတ်လုပ်သူဆိုတဲ့ primary producer တွေအားလုံး အဆင်ပြေ အောင် ဘယ်လိုလုပ်မလဲဆိုတာ လိုအပ်လာတယ်။ ဒီလိုလုပ်ဖို့ကလည်းSMEs မှာ ဘယ်လုပ်ငန်းတွေ ဘယ်အတိုင်းအတာအထိပါလဲ ဆိုတာသိရဖို့SMEs ဥပဒေက အရမ်းကို အရေးကြီးပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသည့် စက်မှုလုပ်ငန်း လေးသောင်းကျော်သာရှိသော်လည်း အမှန်တကယ် အရေအတွက်မှာ တစ်သိန်းကျော်အထိရှိကြောင်း ဦးနှင်းဦးကပြောသည်။ ၎င်းအပြင် သမဝါယမဝန်ကြီးဌာနလက်အောက်၌လည်း တစ်ပိုင်တစ်နိုင်လုပ်ငန်းအသေးများအဖြစ် အသင်းဝင် ထားသော လုပ်ငန်းပေါင်းသုံးသောင်းကျော်ရှိကြောင်းSMEs ဗဟိုဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

Most read this week