မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်မည့် နိုင်ငံခြားသတင်းထောက်များ ပြည်ဝင်ခွင့် ဗီဇာသက်တမ်းကို အများဆုံး တစ်လထိသာ ခွင့်ပြုတော့မည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲထွဋ်က မဇ္ဈိမကိုအတည်ပြု ပြောသည်။
ထို့ပြင် နိုင်ငံတွင်းပြုလုပ်သည့် အစည်းအဝေးများ၊ ပွဲများကို ၀င်ရောက်သတင်းယူလိုသူများသည် ယင်းအစည်း အဝေးမကျင်းပမီ နှစ်ရက်၊ အစည်းအဝေးကျင်းပနေချိန်နှင့် အစည်းအဝေးပြီး နောက်နှစ်ရက်တို့ကိုသာ ခွင့်ပြုသွားမည်ဟု ဆိုသည်။ နိုင်ငံခြားသတင်းထောက်များ မြန်မာနိုင်ငံအတွင်း နေထိုင်ရန် ဗီဇာသက်တမ်းကို ယခင်က ခြောက်လအထိ ခွင့်ပြုပေးထားခဲ့သည်။
“အဓိကကတော့ ဆီးဂိမ်းရယ်၊ ကမ္ဘာ့စီးပွားရေးဖိုရမ်ရယ် လုပ်တဲ့အချိန်မှာ သတင်းထောက်တွေဝင်ဖို့ လွယ်ကူအောင် လုပ်ပေးခဲ့တယ်။ အဲဒီလိုဝင်လာတဲ့သူတွေက အခု ပြည်တွင်းမှာ ရုံးတွေဖွင့်ပြီးတော့ ပြည်တွင်းမှာပဲ သက်တမ်းတိုးပြီး နေနေတာတွေ၊ ဒီလိုမျိုးတွေကျတော့ တကယ်ရုံးဖွင့်ခွင့်ရသူတွေနဲ့ သူ တို့က အခွင့်အရေးတူသလိုဖြစ်နေတယ်။ ဒါကြောင့် ဗီဇာသက်တမ်းတွေကို ပြန်စိစစ်လိုက်တာ”ဟု ဦးရဲထွဋ်က ပြောသည်။
ပြည်တွင်း၌ ရုံးခန်းဖွင့်မည့် နိုင်ငံခြားသတင်းမီဒီယာများသည် နိုင်ငံခြားသတင်းထောက်များအသင်းနှင့် ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး ဆီးဂိမ်းနှင့် ကမ္ဘာ့စီးပွားရေးဖိုရမ်များ ပြုလုပ်ချိန်အတွင်း ၀င် ရောက်လာကြသည့် နိုင်ငံခြားသတင်းထောက်များသည် ဆက်သွယ်ဆောင်ရွက်ခြင်းမရှိဘဲ ပြည်တွင်းတွင် ရုံးသဖွယ် ဖွင့်လှစ်နေထိုင်နေခြင်းတို့ကြောင့် ယခုကဲ့သို့ ဗီဇာသက်တမ်းလျှော့ချလိုက်ခြင်း ဖြစ်သည် ဟု ဆိုသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချရားတန်းကျေးရွာအတွင်း အကြမ်းဖက်မှုတွင် ဘင်္ဂါလီအယောက် ၄၀ သေဆုံးသည်ဆိုသော သတင်းများ Irrawaddy၊ AP တို့တွင်ဖော်ပြခဲ့သည်ကို အစိုးရဘက်မှ သတင်း မှားများဖော်ပြသည်ဟု ပြောဆိုပြီးနောက်ပိုင်း ယခုကဲ့သို့ နိုင်ငံခြားသတင်းထောက်များအား ဗီဇာသက် တမ်းလျှော့ချခဲ့ခြင်းဖြစ်သည်ဟုလည်း ပြည်တွင်းမီဒီယာအသိုင်းအဝန်းများဘက်မှ သုံးသပ်ပြောဆိုကြ သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေက “တကယ်သာ အဲလိုလျှော့ခဲ့တယ်ဆိုရင် ကောင်းတဲ့ အခြေအနေမဟုတ်ဘူး။ ဒီမိုကရေစီပြောင်းတာ ပိုတိုး တက်လာရမှာ။ ကျန်တာတိုးတက်ပြီး ဒါလျော့တာ မကောင်းဘူး”ဟု မဇ္ဈိမကို ပြောသည်။
Irrawaddy ၏ “နိုင်ငံခြားသတင်းသမား ပြည်ဝင်ခွင့်ဗီဇာ ဦးသိန်းစိန်အစိုးရ ပြန်ကန့်သတ်ပြီ” ဆိုသည့် သတင်းထဲတွင် ယခုုလိုု ဗီဇာကန့်သတ်မှုများကြောင့် ရန်ကုန်အခြေစိုက် နိုင်ငံတကာသတင်းဌာနများမှ နိုင်ငံခြားသတင်းထောက်တချို့ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာနေရသည်ဟု ဖော်ပြထားသည်။
၂၀၁၄ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်းက ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်း သတင်းထောက် အချို့လည်း မြန်မာနိုင်ငံသို့ လာရောက်ရန်အတွက် ဗီဇာလျှောက်ထားရာတွင် ယခင်သုံးလအစား နှစ်ပတ်သာရရှိခဲ့သည်ဟု အင်္ဂလိပ်ပိုင်း အယ်ဒီတာ ဦးကျော်စွာမိုးက ပြောသည်။
“ရုတ်တရက်ကြီး လျှော့ချလိုက်တယ်လိုတော့ ကြားလိုက်ရတယ်။ အခုတော့ အရင်က ဗီဇာလုပ်ရင် ၂ရက်လောက်ပဲ ကြာတယ်။ အခု နှစ်ပတ်လောက်ကြာတာတောင် တစ်ယောက်ဆို မရသေးတာရှိတယ်။ ထိုင်းမှာဆိုရင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းအချက်အလက်ဌာနမှာ လျှောက်ရတယ်။ တစ်နှစ်ထိရတယ်” ဟု ဆိုသည်။
ပြောင်းလဲလိုက်သည့် ဗီဇာသက်တမ်းလျှော့ချမှုတွင် သက်တမ်းပြည့်ပါက သက်ဆိုင်ရာ နိုင်ငံသို့ပြန်လည် သွားရောက်ကာ လျှောက်ထားရမည်ဖြစ်သည်။
မြန်မာနိုင်ငံသို့လာရောက်သူများအတွက် နိုင်ငံတွင်းနေထိုင်ခွင့် ဗီဇာများကို Tourist Visa, Business Visa (single/multiple), Social Visa, Entry Visa, Meditation Visa နှင့် Journalist Visa စသည့် ခြောက်မျိုးကို လာရောက်သူ အမျိုးအစားအလိုက် ခွဲခြားကာ ထုတ်ပေးလျက်ရှိသည်။