ပေါက်မြို့နယ်တွင် "လျှို့ဝှက်ဓာတုလက်နက်စက်ရုံ ရှိသည်"ဆိုသော သတင်းတစ်ပုဒ်ကို ဖော်ပြခဲ့သဖြင့် ယူနတီအပတ်စဉ်ဂျာနယ်မှ သတင်းထောက်လေးဦးနှင့် အမှုဆောင်အရာရှိချုပ်ကို ဖမ်းဆီးထိန်းသိမ်းခြင်းအား အပြင်းအထန် ရှုတ်ချသည်ဟု ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က ဖေဖော်ဝါရီ ၄ ရက်က ထုတ်ပြန်လိုက်သည်။
“ဒီသတင်းသမားတွေကို ဖမ်းဆီးထိန်းသိမ်းတာနဲ့ ပတ်သတ်ပြီးတော့ ကျွန်မတို့ ပြတ်ပြတ်သားသား ရှုတ်ချပါ တယ်။ ပြီးတော့ အာဏာပိုင်တွေ အနေနဲ့ သူတို့ကို ချက်ခြင်း လွှတ်ပေးဖို့ ကျွန်မတို့ တောင်းဆိုပါတယ်”ဟု RSF၏ သုတေသနဆိုင်ရာ အကြီးအကဲ Lucie Morillonက ပြောသည်။
သူမက“သတင်းလွတ်လပ်ခွင့်ကို အခုလို ချိုးဖောက်နေတာဟာ မြန်မာနိုင်ငံမှာ ဥပဒေဆိုင်ရာ ဟာကွက်တွေကို
ဖော်ပြနေပြီးတော့၊ မြန်မာနိုင်ငံဟာ မီဒီယာဥပဒေတစ်ရပ်ပြဋ္ဌာန်းကျင့်သုံးဖို့ ခက်ခဲနေသေးတာကို တွေ့ရပါတယ်။ ဒီလို အထွေထွေ အကြောင်းအရာမျိုးတွေကို ပြည်သူတွေ သိခွင့်ရှိပါတယ်။ ပြီးတော့ တကယ်လို့ တစ်စုံတစ်ယောက်ကို တရားစွဲဖို့လိုတယ် ဆိုရင်လည်း သတင်းဂျာနယ်ကိုပဲ ဖြစ်သင့်တာပါ။”ဟု ပြောသည်။
ဇန်နဝါရီလ ၂၅ရက်ထုတ် ယူနတီဂျာနယ်တွင် ဖော်ပြပါရှိသည့် ဓာတုလက်နက်စက်ရုံ သတင်းတွင် "ယခင်ဗိုလ်ချုပ်ကြီးများ၊ တရုတ်ပညာရှင်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့၏ လျှို့ဝှက်ဓာတုလက်နက်စက်ရုံ"ဟု ခေါင်းစဉ်တပ်ထားသည်။
ထို့အပြင် လယ်သမားများထံက သိမ်းယူခဲ့သည့် ဟက်တာ ၃ဝဝဝ ကျော် ကျယ်ဝန်းသည့် မြေပေါ်တွင် ၂ဝဝ၉ခုနှစ်က ဓာတု လက်နက်စက်ရုံကို တည်ဆောက်ခဲ့ပြီး ထိုနှစ်ထဲတွင်ပင် ယခင်ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေက ထိုစက်ရုံသို့ သွားရောက် လည်ပတ်ခဲ့ကာ ၂ဝ၁၁ ခုနှစ်နှင့် ၂ဝ၁၃ ခုနှစ်များတွင်မူ ဒု-သမ္မတများက သွားရောက်လည်ပတ်ခဲ့သည်ဟု ယူနတီသတင်း ဂျာနယ်၏ ဆောင်းပါးတွင် ဖော်ပြထားသည်။
ထိုသို့ ရေးသားဖော်ပြခြင်းကြောင့် ယူနတီဂျာနယ်မှ သတင်းထောက်ချုပ် ကိုလူမော်နိုင်ကို ဇန်နဝါရီလ ၃၁ ရက်က နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု ၃(၁)(က)/၉ဖြင့် ဖမ်းဆီးခဲ့သည်။ ယင်းပုဒ်မသည် အများဆုံး ထောင်ဒဏ် ၁၄နှစ်အထိ ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။
ယူနတီဂျာနယ်၏ သတင်းထောက်လေးဦးနှင့် အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းတို့ကို ဥပဒေနှင့် အညီ ဆောင်ရွက်လျှက် ရှိသည်ဟု ဖေဖော်ဝါရီ ၅ ရက် နေ့စွဲဖြင့် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့နောက်တွင် ယူနတီဂျာနယ်၏ အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းနှင့် အခြားသတင်းသမား သုံးဦးဖြစ်သည့် ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်နှင့် ကိုစည်သူစိုးတို့ကို ဖေဖော်ဝါရီလ ၁ရက်တွင် ဖမ်းဆီးခဲ့သည်။ ဦးတင့်ဆန်းကမူ သတင်းပါအကြောင်းအရာ များကို သက်သေပြနိုင်ပြီး ဘာတွေဖြစ်လာလာ ရင်ဆိုင်ရန် အသင့်ရှိသည်ဟု ဧရာဝတီ သတင်းဌာနကို ပြောကြားခဲ့သည်။
RSFက ယူနတီဂျာနယ်ကိစ္စအပြင် Daily Eleven သတင်းစာ၏ လွိုင်ကော်အခြေစိုက် သတင်းထောက်မခိုင်က ရှေ့နေတစ်ဦး၏ အိမ်ကို အင်တာဗျူးသွားရင်း ပိုက်နက်ကျူးလွန်မှု၊ ရင့်သီးစွာ ပြောဆိုဆက်ဆံမှု၊ အသရေဖျက် မှုတို့ဖြင့် အောက်တိုဘာလ ၂၇ရက်က တရားစွဲဆိုကာ ဒီဇင်ဘာ ၁၇ရက်တွင် ထောင်ဒဏ်ချမှတ်ခံရခြင်းကိုလည်း အလွန်ပင် စိုးရိမ်သည်ဟု ဆိုသည်။
နယ်စည်းမခြား သတင်းထောက်အဖွဲ့က ပြုလုပ်ခဲ့သည့် ၂ဝ၁၃ ခုနှစ်အတွင်း သတင်းလွတ်လပ်ခွင့် စစ်တမ်းတွင် မြန်မာနိုင်ငံသည် ၂ဝ၁၂ ခုနှစ်ကထက် အဆင့် ၁၈ဆင့် တိုးတက်လာခဲ့ကာ ၁၇၉ နိုင်ငံတွင် အဆင့် ၁၅၁ အဖြစ် ရပ်တည်ခဲ့သည်။