တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ မကွေးတိုင်း ၊ ငဖဲမြို့နယ်အတွင်းရှိ ပိုက်လိုင်းဖြတ် ဧရိယာအတွင်း လယ်ယာမြေများ သီးနှံစိုက်ပျိုးခွင့် မပြုတော့ဟု ငဖဲမြို့နယ် မြေစာရင်းက ကြေညာချက် ထုတ်ပြန်ထား ကြောင်း ဒေသခံများက ပြောသည်။
မကွေးတိုင်းအတွင်း ဓာတ်ငွေ့ပိုက်လိုင်းဖြတ်ရာ လမ်းတစ်လျှောက် မြို့နယ်လေးခု ဖြစ်သည့် ရေနံချောင်း၊ ပွင့်ဖြူ၊ ငဖဲနှင့် စကုမြို့နယ်အတွင်း ငဖဲမြို့နယ်တစ်ခုထဲတွင်သာ သတိပေး အကြောင်းကြားစာ ထုတ်ပြန်ထား ခြင်း ဖြစ်သည်ဟု ဆိုသည်။
" ဒီအတိုင်းဆိုရင် ငဖဲကတောင်သူတွေ အခုမိုးရာသီမှာ ဘာသီးနှံမှ စိုက်ပျိုးလို့ မရတော့ဘူး။ လျော်ကြေး ပေးတုန်း ပြောခဲ့တာနဲ့ အခု သတိပေး အကြောင်းကြားစာနဲ့က ဆန့်ကျင်ဘက်ဖြစ်နေတယ်။ ငဖဲ ဒေသခံ တောင်သူတွေက ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးပြီး မြို့နယ်မြေစာရင်းဋ္ဌာနကို ပေးပို့ထားတယ်" ဟု ငဖဲဒေသခံတောင်သူ ဦးဝင်းကိုက မဇ္စျိမ ကိုပြောသည်။
ငဖဲဲမြို့နယ် ကွင်းအမှတ် ၅၆ (ကြေးပြင်ကွင်း) အတွင်းရှိ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းဧရိယာအတွင်း ပါဝင်နေသော လယ်မြေဧက စုစုပေါင်း၂၆.ဝ၉ ဧကကို သီးနှံလျော်ကြေး ပေးခဲ့စဉ်က ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းပြီးသွားလျှင် နှစ်ရှည်ပင်မဟုတ်သော သီးနှံများကို စိုက်ပျိုးရန်အတွက် ခွင့်ပြုချက် ရရှိထား သော်လည်း ဇန်နဝါရီလ ၁၇ ရက်နေ့တွက် သီးနှံစိုက်ပျိုးမှုများကို မြို့နယ်မြေစာရင်းရုံးမှ တားမြစ် သတိ ပေးစာ ပေးပို့ခဲ့ကြောင်း ငဖဲဒေသခံများက ပြောသည်။
" မြေစာရင်းရုံးက သတိပေးအကြောင်းစာ လာရောက်လာတာက ၁၇ ရက်နေ့ဆိုတော့ တကယ်ဆုံးဖြတ်ရမယ့် အချိန်က ၁ဝ ရက်လောက် ပဲရှိတယ်။ အကြောင်းကြားစာထဲမှာတော့ ကန့်ကွက်မယ်ဆိုရင် ကန့်ကွက်လို့ရ တယ်လို့ ပါတယ်။ ဒါကြောင့် ကန့်ကွက်လက်မှတ်တွေကို ဇန်နဝါရီ ၂၉ ရက်နေ့မှာ ငဖဲဒေသခံတွေ ပေးပို့ခဲ့ တယ် " ဟု ဒေသခံတစ်ဦးက ဆက်လက်ပြောကြားသည်။
ငဖဲမြို့နယ်အတွင်း ဓာတ်ငွေ့ပိုက်လိုင်းဖြတ်ရာ လမ်းတစ်လျောက်တွင် သီးနှံစိုက်ပျိုးခွင့် တားဆီးမှုနှင့် ပါတ်သက်ပြီး လက်ရှိအချိတ်ငဖဲဒေသခံ တောင်သူ ၃၅၃ ဦး မှ ကန့်ကွက်လက်မှတ်ထိုးခဲ့ပြီး အခြားတောင် သူများကလည်း လက်မှတ်ရေးထိုးသွားမည်ဖြစ်၍ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှုးရုံး၊ အရပ်ဘက်ဆိုင်ရာ လူမှုရေးအဖွဲ့စည်းများ၊နိုင်ငံရေးပါတီများထံသို့ တိုင်ကြားစာများ ပေးပို့သွားမည်
ဖြစ်ကြောင်း ငဖဲဒေသခံတောင်သူများ က ဆိုသည် ။
ယင်းကိစ္စနှင့် ပါတ်သက်ပြီး မြစ်အနောက်ဘက်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဗဟိုအလုပ်အမှုဆောင် ဦးသန့်စင်က မြို့နယ်မြေစာရင်း ဦးစီးဋ္ဌာနသို့ ကန့်ကွက်စာများ ပေးပို့ရန်အတွက် ကူညီသွားမည်ဖြစ်ပြီး နောက်နောင်အလားတူ စီမံကိန်းမျိုး ပေါ်ထွက်လာပါက လက်မှတ် ထိုးခိုင်းခြင်းများကို ပညာပေးအစီစဉ်များ ဥပဒေဆိုင်ရာသိသင့်သည့် အချက်လက်များ ပညာပေးလုပ်ငန်းများ ပြုလုပ်ပေးသွားမည်ဟု
ပြောသည်။
လက်ရှိတွင် ငဖဲမြို့နယ်အတွင်းရှိ တောင်သူများက လာမည့်မိုးရာသီကာလတွင် သီးနှံစိုက်ပျိုးခြင်း ခွင့်မပေးမှုအပေါ် ကန့်ကွက်သွားမည်ဖြစ်ကြောင်း ငဖဲဒေသခံများက ပြောကြားသည်။