ရခိုင်ပါတီနှစ်ခု ပူးပေါင်းထားသည့် ရခိုင်အမျိုးသားပါတီ (ANP) သည် ပါတီမှတ်ပုံတင်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ဇန်နဝါရီလနောက်ဆုံးပတ်တွင် ဆောင်ရွက်သွားမည်ဟု နှစ်ဖက်ပါတီ တာဝန်ရှိသူများက မဇ္ဈိမကို အတည်ပြု ပြောသည်။
“မှတ်ပုံတင်က တစ်လကြာရင်ကျမယ်လို့ သိရတယ်။ လောလောဆယ် ဒီတစ်ရက် နှစ်ရက်အတွင်းမှာပဲ နှစ်ဖက်ပါတီရဲ့ ဥက္ကဋ္ဌနှစ်ယောက်က နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို သွားမှာ ပါ” ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)တို့ ပူးပေါငး်၍ ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် ပါတီမှတ်ပုံတင်ခွင့်ပြုရန် ဇန်နဝါရီလ ၁၃ ရက်တွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။
ANP အနေဖြင့် မှတ်ပုံတင် တရားဝင်ရရှိမှသာလျှင် ပါတီ၏ ဗဟိုအလုပ်မှုဆောင်နှင့် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌတို့ ကို ဇူလိုင်လအတွင်း ညီလာခံတစ်ရပ် ကျင်းပပြီး ရွေးချယ်သွားမည်ဟု ဦးအေးသာအောင်က ပြောသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက “ပါတီမှတ်ပုံတင် တရားဝင် မကျမချင်းတော့ ကိုယ်ပါတီနှင့်ကိုယ် ရှိနေမှာပါ”ဟု ပြောသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီအနေဖြင့် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ် ပြီး မဲဆန္ဒနယ်များအဖြစ် ရခိုင်လူမျိုး အများဆုံးရှိသည့် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ က ချင်ပြည်နယ်(ဖားကန့်)မြို့နယ်များတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ALD နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP တို့သည် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၅ ရက်၊ ၆ ရက်များတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ Cafe' 47 တွင် ရခိုင်အမျိုး သားပါတီ ANP ပါတီအဖြစ် မှတ်ပုံတင်ရန် နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။