ရှမ်းပြည်နယ်ရှိ ကချင်လူမျိုးများ ကချင်တစ်မျိုးတည်းသာ သန်းခေါင်စာရင်းတွင်ထည့်သွင်းမည်

ရှမ်းပြည်နယ်ရှိ ကချင်လူမျိုးများ ကချင်တစ်မျိုးတည်းသာ သန်းခေါင်စာရင်းတွင်ထည့်သွင်းမည်
by -
မဇ္ဈိမ

၂၀၁၄ တွင် တစ်နိုင်ငံလုံး ကောက်ယူတော့မည့် သန်းခေါင်စာရင်းတွင် ကချင်လူမျိုးအမည်များ ကွဲပြား နေသော်လည်း ရှမ်းပြည်နယ်တွင်နေထိုင်သည့် ကချင်လူမျိုးများက လူမျိုးနေရာတွင် ကချင်တစ်မျိုး တည်းသာ ထည့်သွင်းသွားမည်ဟု ရှမ်းပြည်နယ်လွှတ်တော် ကချင်တိုင်းရင်းသားရေးရာဝန်ကြီး ဒူးဝါး ဆုန်ယောင်က ဒီဇင်ဘာ ၁၉ ရက်တွင် မဇ္ဈိမကို ပြောကြားသည်။

ရှမ်းပြည်နယ်ရှိ ကချင်လူမျိုးများနှင့်ပတ်သက်၍ ဇန်နဝါရီ ၁၇၊ ၁၈ ရက်က လူမျိုးစုကိုယ်စားလှယ်များ ဆွေးနွေးခဲ့ပြီး လူမျိုးစုများ ကွဲပြားနေသော်လည်း ကချင်ဟူသည့် လူမျိုးဘုံနာမည်တစ်ခုတည်းသာ ထည့် သွင်းသွားရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။

“ကချင်ပြည်နယ်ကလူမျိုးတွေနဲ့ အခြားဒေသက ကချင်လူမျိုးတွေကတော့ လက်ခံချင်မှ လက်ခံမှာပေါ့။ ရှမ်းပြည်နယ်မှာနေတဲ့ ကချင်တွေရဲ့ သဘောထားကတော့ ကချင်လို့ပဲ ထည့်မယ်”ဟု ရှမ်းပြည်နယ်၊ က ချင်တိုင်းရေးသားရေးရာဝန်ကြီး ဒူးဝါးဆုန်ယောင်က ဆိုသည်။

သို့သော် ကချင်ပြည်နယ်ရှိ ကချင်လူမျိုးများကမူ ဘုံအမည် ကချင်ကို မထည့်သွင်းဘဲ ၎င်းတို့၏ မျိုးနွယ် စုနာမည်များကိုသာ ထည့်သွင်းမည်ဟု ပြောကြားချက်များ ရှိနေသည်။ ၂၀၁၃ ဒီဇင်ဘာ ၁၇၊ ၁၈ က က ချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIO) ဌာနချုပ်၊ လိုင်ဇာတွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် ကချင်မျိုးနွယ်စု အားလုံး ကချင်အမည်ဖြင့် ထည့်သွင်းသွားရန် သဘောတူညီခဲ့ကြသေးသည်။

“အစိုးရက ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲဆိုတာ သိချင်တယ်။ ဒီလိုမျိုးလုပ်လိုက်ခြင်းအားဖြင့် တိုင်းရင်း သားတွေအချင်းချင်း ညီညွတ်မှုတွေ ပျက်ပြားနိုင်တယ်။ ပြီးတော့ နိုင်ငံရဲ့အစိုးရက ကိုယ့်တိုင်းရင်းသား တွေ ဘယ်နှမျိုးရှိတယ်ဆိုတာတောင် တိတိကျကျ မသိဘူးလား”ဟု ရှမ်းပြည်နယ် ကချင်စာပေနှင့် ယဉ် ကျေးမှုအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးဇော်နော်က ဝေဖန်ထောက်ပြသည်။

ထို့ပြင် ယခုထုတ်ပြန်ထားသည့် သန်းခေါင်စာရင်းတွင် ကချင်လူမျိုး၊ ချင်းလူမျိုး ဟူသည့် လူမျိုးစုကြီးနှင့် ပတ်သက်၍ သီးခြားရှင်းလင်းချက်မျိုး၊ ထုတ်ပြန်မှုမျိုးလည်း လိုအပ်ပြီး လောလောဆယ် ထုတ်ပြန်ထားမှု များသည် တိုင်းရင်းသားလူမျိုးများအတွက် ရှင်းလင်းမှုမရှိဟု ဦးဇော်နော်က ဆိုသည်။

တိုင်းရင်းသားလူမျိုး၏ ယခုကဲ့သို့ မရှင်းလင်းဘဲ ကွဲပြားမှုအခြေအနေများ ဖြစ်ပေါ်နေခြင်းအပေါ် အစိုးရ အနေနှင့် သန်းခေါင်စာရင်းနှင့်ပတ်သက်၍ သူ့သဘောနှင့်သူ လုပ်ခြင်းထက်၊ တိုင်းရင်းသား လူမျိုးခေါင်း ဆောင်များနှင့် ဆွေးနွေးတိုင်ပင်၍ လုပ်ခြင်းက ပို၍သင့်လျော်မည်ဟုလည်း ဦးဇော်နော်က ထောက်ပြ သည်။

ကချင်လူမျိုးများ၏ သတ်မှတ်ချက်အရ ကချင်ဟူသည့် ဘုံအမည်လူမျိုးအောက်တွင် ကချင်ဟူသည်မှာ လူမျိုးအဖြစ်မပါ၀င်ဘဲ မျိုးနွယ်စုအားလုံးကို ဘုံ၊ ကိုယ်စားပြု ခေါ်ဝေါ်သည့် အမည်သာ ဖြစ်သည်။ အစိုးရ ၏ထုတ်ပြန်ချက်အရ ကချင်လူမျိုးနွယ်စု ၁၂ မျိုးရှိနေပြီး ကချင်ဟူသည်မှာလည်း မျိုးနွယ်စုငယ်တစ်ခုအဖြစ် ပါ၀င်နေသည်။

ကချင်လူမျိုးများ၏ သတ်မှတ်ချက်အရ ဂျိန်းဖော၊ လော်ဝေါ်(မရူ)၊ ဇိုင်ဝါး၊ လချိတ် (လရှီ)၊ ရဝမ်၊ လီဆူး နှင့် နုန်လမိ ဟူသည့် မျိုးနွယ်စု ခုနစ်ခုသာရှိပြီး အစိုးရ၏ ထုတ်ပြန်ချက်များတွင် ဇိုင်ဝါးကို အဇီးဟု ထပ်မံ ပါ၀င်ကာ ခါးခူး၊ ဂေါင်ရီ၊၊ ဒလောင် စသည့် အမည်များမှာ လူမျိုးမဟုတ်ဘဲ ဒေသကို အစွဲပြု၍ ခေါ်ဝေါ် သည့် အမည်များဖြစ်သည်ဟု ကချင်လူမျိုးများက ဆိုသည်။

ယခုကဲ့သို့ မှားယွင်းမှုများနှင့် ရှမ်းပြည်နယ်တွင် နေထိုင်သည့် ကချင်လူမျိုးများ၏ သဘောထားများကို ဇန်နဝါရီနောက်ဆုံးပတ်အတွင် ထုတ်ပြန်သွားနိုင်ရန် ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က စီစဉ်ထား သည်။

တိုင်းရင်းသားများအကြား လူမျိုးစုနာမည်များ၊ မျိုးနွယ်စုနာမည်များနှင့်ပတ်သက်၍ မရှင်းလင်းသေးသော် လည်း ၂၀၁၄ ခုနှစ်၊ မတ် ၃၀ မှဧပြီ ၁၀ ထိ ၁၂ ရက်ကြာ သန်းခေါင်စာရင်းကောက်ယူသွားမည်ဟု အစိုး ရက ကြေညာထားသည်။