၁၉၆၂ မှ ၂၀၁၃ အထိ နိုင်ငံရေးအကျဉ်းသားများစာရင်း ရန်ကုန်တွင် စတင်ကောက်ယူ

၁၉၆၂ မှ ၂၀၁၃ အထိ နိုင်ငံရေးအကျဉ်းသားများစာရင်း ရန်ကုန်တွင် စတင်ကောက်ယူ
by -
မဇ္ဈိမ

နိုင်ငံရေးအကျဉ်းသားများနှင့်ပတ်သက်ပြီး စာရင်းအတိအကျရရှိနိုင်စေရန် ရည်ရွယ်ကာ ၁၉၆၂ မှ ၂၀၁၃ အထိ နိုင်ကျဉ်းဟောင်းများစာရင်းကို ကောက်ယူသွားမည်ဖြစ်ပြီး ရန်ကုန်တွင် စတင်ကောက်ယူနေပြီဟု နိုင်ငံရေးအကျဉ်းသားများအဖွဲ့မှ အတွင်းရေးမှူးဦးထွန်းကြည်က ဇန်နဝါရီ ၁၉ တွင် မဇ္ဈိမကို ပြောသည်။

“၈၈ နိုင်/ကျဉ်းစာရင်းတောင် ခက်ခက်ခဲခဲ ပြောနေရတယ်။ ပြည်တွင်း၊ ပြည်ပကို မြန်မာ့နိုင်ငံရေး အကျဉ်းသား အတိအကျဖော်ပြနိုင်အောင် စာရင်းကောက်ယူနေတာပါ။ သမိုင်းတွင်စေမယ့် မှတ်တမ်းအဖြစ် ကျန်ရစ်အောင် နိုင်ကျဉ်းဟောင်းတွေရဲ့ ထောင်တွင်းအတွေ့အကြံုတွေကအစ မှတ်တမ်းအဖြစ် သိမ်းဆည်းထားမယ်”ဟု ၎င်းက ဆိုသည်။

ယင်းသို့ နိုင်ကျဉ်းစာရင်းများ ကောက်ယူရာတွင် ရန်ကုန်တိုင်းအတွင်းရှိ စာရင်းများကို စတင်ကောက်ယူ နေပြီဖြစ်ရာ ဇန်နဝါရီ ၁၉ တွင် ကနဦးအနေဖြင့် စတင်ကောက်ယူနေပြီး နောက်ပိုင်းတွင် ထောက်ပံ့မှုများ ပေးပါက စာရင်းအတိအကျရှိစေရန် ကောက်ယူခြင်းဖြစ်သည်ဟုလည်း ဦးထွန်းကြည်က ဆိုသည်။

“ဘဝပျက်သွားတဲ့ နိုင်ကျဉ်းဟောင်းတွေ၊ စိတ်ဓာတ်အရ ပျက်စီးသွားတာတွေအတွက် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ချင်လို့ စာရင်းကောက်ယူတာပါ”ဟု ၎င်းက ပြောသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများ မှတ်တမ်းပြုစုနိုင်ရန် စာရင်းကောက်ယူရာတွင် ဖမ်းဆီးထိန်းသိမ်းထား စဉ်ကာလအတွင်း မိသားစု ထိခိုက်နစ်နာမှုများ၊ ဖမ်းဆီးချိန်ကာလတွင် ပစ္စည်းများ သိမ်းဆည်းခံရခြင်းရှိ၊ မရှိ၊ အကျဉ်းထောင်ဥပဒေအတိုင်း အကျဉ်းထောင်များတွင် ရိက္ခာအစားအစာ အသုံးအဆောင် ခံစားခွင့် များ ရရှိခြင်း ရှိ၊ မရှိ၊ စစ်ကြောရေးတွင် စစ်ဆေးစဉ်ကာလအတွင်းတွင် ကျန်းမာရေး စောင့်ရှောက်ကုသ ပေးခြင်း ရှိ၊ မရှိ၊ ထောင်မှလွတ်မြောက်ပြီးနောက် အာဏာပိုင်အဖွဲ့အစည်းများ၏ နှောင့်ယှက်ခြင်း၊ ကန့် သတ်ခြင်းအခြေအနေများ၊ လက်ရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ စားဝတ်နေရေး၊ လူမှုဘဝအခြေ အနေများ၊ ၎င်းတို့၏ မိသားစုနှင့် သားသမီးများ၏ ကျောင်းပညာရေးအခြေအနေများစသည့် မေးခွန်းများ ကို စာရင်းကောက်ယူမည့် ပုံစံတွင် ထည့်သွင်း မေးမြန်းထားသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့ ဦးဆောင် ကောက်ယူမည်ဖြစ်ပြီး NLD၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက် ဖြစ်မြောက် ရေးကော်မတီ၊ မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်၊ အိမ်ရှင်မများကွန်ရက်၊ တောင်သူလယ်သ မားနှင့် စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီတို့က ပူးပေါင်းကောက်ယူ ပေးမည်ဖြစ်သည်။

ယင်းအပြင် ရွှေဝါရောင်တော်လှန်ရေးတွင် ပါ၀င်ခဲ့သည့် သံဃာတော်များကိုလည်း အဆိုပါစာရင်းတွင် ထည့်သွင်း ကောက်ယူမည် ဖြစ်သည်။

နိုင်ကျဉ်းဟောင်းများအဖွဲ့ နာယက ဆရာတော်၊ ရွှေဝါရောင်နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် ဦးပဏ္ဍဝံသက “လက်လှမ်းမမီတဲ့ အညတရ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ပြည်ပကမေးရင် သေ ချာဖြေနိုင်အောင် စာရင်းကောက်ယူထားတာပါ။ ရွှေဝါရောင်တော်လှန်ရေးကာလနဲ့ အခြားနိုင်ငံရေးလှုပ် ရှားမှုတွေမှာ ပါ၀င်တဲ့ သံဃာတော်အပါး ၅၀ ကို စာရင်းကောက်ယူနေပါတယ်”ဟု ပြောသည်။

လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ၏ စာရင်းအရ လက်ရှိအချိန်ထိ နိုင်ငံရေးအကျဉ်း သား ၄၀ ကျော် ကျန်ရှိနေသေးပြီး ၁၉၈၈ ခုနှစ်မှ လက်ရှိအချိန်ထိ စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင် များအတွင်း နိုင်ငံရေးအကျဉ်းသား ၁၇၅ ဦး သေဆုံးခဲ့ရကာ တစ်နိုင်ငံလုံးတွင် နိုင်ငံရေးအကျဉ်းသားဟောင်း ခန့်မှန်း ၂၀,၀၀၀ ကျော်ရှိနိုင်သည်ဟုလည်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၏ ခန့်မှန်းထားချက် များအရ သိရသည်။

Most read this week