ပြည်တွင်းတွင် မူလတန်းပညာရေး မသင်မနေရ ဥပဒေတစ်ရပ်ကို အမျိုးသားပညာရေး ဥပဒေကြမ်းတွင် ထည့်သွင်း ပြဌာန်းရန် စီစဉ်နေပြီး ဆင်းရဲမှုကြောင့် ကျောင်းသို့ ရောက်မလာနိုင်ခြင်းများရှိနေ၍ ယင်းသို့ ဥပဒေ ပြဌာန်းပါကလည်း အောင်မြင်နိုင်ဖွယ်မရှိဟု ရန်ကုန်တက္ကသိုလ်ရှိ စိန်ရတုခန်းမတွင် တိုင်းရင်းသားတက္ကသိုလ် ၏ ဒုတိယကျောင်းအုပ်ကြီး ပါမောက္ခဦးတင်ဝက မဇ္စျိမကို ပြောသည်။
လက်ရှိမူလတန်း ပညာရေးတွင် ကျောင်းဝင်ခွင့်၊ ကျောင်းလခများ အခမဲ့ စီစဉ်ပေးပြီး၊ ဗလာစာအုပ်၊ ဖတ်စာအုပ်များ ပေးသော် လည်း ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းမရောက်နိုင်ဟုလည်း ပါမောက္ခ ဦးတင်ဝ က ဆိုသည်။
၎င်းက“ အမိမဲ့ကလေးတွေ၊အဖမဲ့ကလေးတွေ ရှိတယ်။ အမိရော အဖရော မရှိတဲ့ကလေးတွေရှိတယ်။ပြီးတော့ ဆင်းရဲတယ်။ ဆင်းရဲတော့ ကျောင်းကိုမရောက်လာနိုင်ဘူး။ မရောက်လာနိုင်တဲ့သူတွေက ဘယ်လို ပြောပြော၊ ဥပဒေ ဘယ်လိုထုတ်ထုတ်ရောက်မလာနိုင်ဘူး။ ဒါဆို ဥပဒေလည်း အောင်မြင်မှာမဟုတ်ဘူး”ဟု ဆိုသည်။
ပညာရေးမြှင့်တင်မှု လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော်မတီအဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသို်လ်အသီးသီးမှ ပါမောက္ခချုပ် များနှင့်ကောလိပ်အသီးသီးမှ ကျောင်းအုပ်များသည် ဇန်နဝါရီ ၁၆ရက်က ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမတွင် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ၎င်းက မဇ္စျိမ၏ မေးမြန်းမှုကို ထိုကဲ့သို့ ပြောဆို ခြင်း ဖြစ်သည်။
လက်ရှိတွင် မူလတန်း ပညာရေးမှာ မသင်မနေရ ဆိုသော်လည်း ဥပဒေ အနေဖြင့် ပြဌာန်းထားခြင်းမဟုတ်ပဲ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော်မတီမှ ရေးဆွဲထားသော ပညာရေးဆိုင်ရာ မူဝါဒများ (မူ ကြမ်း)တွင် မူလတန်းပညာမသင်မနေရ မူဝါဒကိုထည့်သွင်းရေးဆွဲထားပြီး လက်ရှိအနေအထားဆိုပါက ယင်းသို့ ပြဌာန်းပါက အောင်မြင်နိုင်ခြင်း မရှိဟု ပါမောက္ခ ဦးတင်ဝက ဆိုခြင်းဖြစ်သည်။
ယင်းသို့ မူဝါဒ ပြဌာန်းခြင်းနှင့် ပတ်သက်ပြီး သုံးခွမြို့နယ်ရှိ အခြေခံပညာ မူလတန်း ကျောင်း တစ်ကျောင်း မှ မူလတန်းပြ ဆရာမတစ်ဦးက “ အခုလည်းနွမ်းပါးတဲ့ကလေးတွေကို ကုန်ကျစရိတ်တွေမကောက်ခံတဲ့အတွက် ကျောင်းတက်နှုန်းတွေမြင့်တက်လာပါတယ်။ကလေးတွေကို မူလတန်းပြီးအောင်တော့ထားစေချင်တယ်။ ဒီအရွယ်လေးတွေက ခိုင်းစားလို့လဲ မရသေးပါဘူး ”ဟု မဇ္စျိမ ကိုပြောသည်။
မိဘမဲ့ကလေးငယ်များ၊ ဆင်းရဲနွမ်းပါးသည့်ကလေးငယ်များကို ကျောင်းတက်စေလိုပါက အစိုးရက ထောက်ပ့ံပေးရန်လိုအပ်ပြီး လက်ရှိအချိန်တွင် ကလေးငယ်များကို စာသင်ကြားရေး အပြင်စားဝတ်နေရေး ကိစ္စအဝဝကို တာဝန်ယူပေးနေရသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကလေးငယ်များနေ့စဉ်နှင့် အမျှတိုးပွားနေသည်မှာ စားဝတ်နေရေးပါ တာဝန်ယူပေး သည့် အတွက် ဖြစ်သည်ဟုလည်း ဦးတင်ဝက သုံးသပ်သည်။
“ဘ/ကကျောင်း (ဘုန်းတော်ကြီးသင် ပညာရေးကျောင်း) တွေက ကလေးတွေကို စာသင်ပေးတဲ့အပြင် စား ဝတ်နေရေးကိစ္စအဝဝ ကို တာဝန်ယူပေးရတယ် ”ဟု ၄င်းက ပြောသည်။
ပညာရေးမြှင့်တင်မှုလုပ်ငန်းများ ထိရောက်အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်ရန်အတွက် ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ပညာရေးနယ်ပယ်မှ အငြိမ်းစား ပညာရှင်များ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တက္ကသို်လ်အသီးသီးမှ ပါမောက္ခချုပ်များနှင့် ကောလိပ်အသီးသီး မှ ကျောင်းအုပ်များသည် ဇန်နဝါရီလ ၁၆ရက်က ရန်ကုန်တက္ကသိုလ်ရှိစိန်ရတုခန်းမတွင် ပညာရေးဆွေးနွေး ပွဲ ပြု လုပ်ခဲ့ပြီး ပညာရေးဆိုင်ရာမူဝါဒ(မူကြမ်း)ကို အကြံပြုဆွေးနွေး ခဲ့သည်။