ရှမ်းတောင်ပိုင်း လူငယ်ဖိုရမ် ဖေဖော်ဝါရီလတွင် ကျင်းပမည်

ရှမ်းတောင်ပိုင်း လူငယ်ဖိုရမ် ဖေဖော်ဝါရီလတွင် ကျင်းပမည်
by -
မဇ္ဈိမ

ရှမ်းပြည်နယ်လူငယ်များပါဝင်သည့် Southern Shan State Youth Forum ကို တောင်ကြီးမြို့၌ လာမည့် ဖေဖော်ဝါရီလအတွင်း ကျင်းပသွားမည်ဟု ဖြစ်မြောက်ရေးတာဝန်ခံ ကောင်ရွှေပအိုဝ်း လူငယ်အဖွဲ့ဝင် ခွန်ခေတ်စံက ဇန်နဝါရီ ၁၂ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

" ရှမ်းပြည်တစ်ခုလုံးမှာ လူမျိုးပေါင်းစုံရှိတယ်။ အရမ်းလည်း ကျယ်ပြန့်တယ်၊ လူငယ်တွေနဲ့ ဒေသခံတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲကို  အားလုံး သိရှိနိုင်ဖို့ အောက်ခြေအဆင့်က လူငယ်တွေ အခြေခံပြီးတော့ ဒီဖိုရမ်လေးလုပ်ဖို့ လူငယ်တွေ စီစဉ်ရခြင်းဖြစ်တယ်"ဟု ခွန်ခေတ်စံက ပြောသည်။

အဆိုပါဖိုရမ် ပြုလုပ်ရန် ဇန်နဝါရီလ ၁၁ ရက်တွင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ရှမ်းလူငယ်အဖွဲ့၊ ပအိုဝ်းလူငယ် အဖွဲ့၊ အင်းလူငယ်အဖွဲ့၊ ဓနုလူငယ်အဖွဲ့၊ မြန်မာလူငယ်အဖွဲ့စသော လူငယ်အရပ်ဘက် အဖွဲ့အစည်းများ တိုင်ပင်ကာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

လူငယ်ဖိုရမ်ကို ရှမ်းပြည်နယ်တောင်ပိုင်းရှိ လူငယ်များအချင်းချင်း ကွန်ယက်ချိတ်ဆက်မှု အားကောင်းလာ ရန်၊ လူငယ်များ၏ အခက်အခဲများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ ဝိုင်းဝန်းအဖြေရှာရန်၊ လူငယ်များ၏ အသံကို အာဆီယံ အသိုင်းအဝိုင်းအထိ ထိုးဖောက်နိုင်ရန်နှင့် ဖိုရမ်မှ ရလာဒ်များကို လက်တွေ့အကောင် အထည် ဖော်ဆောင်နိုင်မည့် နည်းလမ်းများ ထွက်ပေါ်လာရန် ဟူသော ရည်ရွယ်ချက်များဖြင့် ပြုလုပ်ရခြင်း ဖြစ်သည်။

ဖိုရမ်တွင် လူငယ်များကို အသိပညာပေးခြင်း၊ ရှမ်းလူငယ်များအကြား အဓိကကြံုတွေ့နေရသည့် မူးယစ်ဆေး ဝါး ပြဿနာများ၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးများကို ဆွေးနွေးကြမည် ဖြစ်သည်။

ရှမ်းတောင်ဖိုရမ်အပြီးတွင် ရှမ်းမြောက်၊ ရှမ်းအရှေ့များတွင်လည်း ဖိုရမ်များ ဆက်လက်ကျင်းပသွားမည်ဖြစ် ပြီး ထိုဖိုရမ်ရလာဒ်များကို အာဆီယံလူငယ်ဖိုရမ်သို့ တင်ပြသွားမည်ဟု ခွန်ခေတ်စံက ပြောသည်။