၂၀၁၄ မတ်လတွင် ကောက်ခံမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် မျိုးနွယ်စုငယ် အမည်များဖြင့် ကောက်ယူခြင်း မပြုဘဲ ကူကီးတိုင်းရင်းသား အမည်တစ်မျိုးတည်းဖြင့်သာ ထည့်သွင်း ကောက်ခံရန် အတွက် သမ္မတနှင့် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန (လ.၀.က) ထံ တင်ပြတောင်းဆို သွားမည်ဟု ဇန်နဝါရီ ၆ ရက်က မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် ပြုလုပ်သော ကူကီးတိုင်းရင်း သားအဖွဲ့စည်းများ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ကူကီး အမျိုးသားရေးရာ အဖွဲ့နာယက ဒေါက်တာလျုခိုပေါင်က “ကူကီးလူမျိုးတွေက နှစ်သိန်း နီးပါးရှိတယ် ၊မျိုးနွယ်စုနာမည်တွေ ကွဲပြားသုံးနှုန်းနေတာကို လဝက အနေနဲ့ သတိထားသင့်ပါတယ်၊ သန်းခေါင် စာရင်းကောက်ခံတဲ့အခါ တိုင်းရင်းသားတွေရဲ့ နာမည်အမှန်တွေဖြစ်စေဖို့ ကူကီးတိုင်းရင်း သားတွေရဲ့ သဘောဆန္ဒကို ရယူပေးဖို့ တောင်းဆိုလိုပါတယ်” ဟု ပြောသည်။
ယင်းသို့ တောင်းဆိုရာတွင် ဇန်နဝါရီလအတွင်း တောင်းဆိုသွားမည် ဖြစ်ကာ ပြည်တွင်းရှိ တိုင်းရင်းသား ၁၃၅မျိုးတွင် ကူကီးတိုင်းရင်းသားများကို ခေါင်ဆိုင်၊ ဂွီးသဲ၊ ထာဒို၊ ဂန်သဲ အစရှိသည့် မျိုးနွယ်စုငယ် အမည်များစွာဖြင့် ဖော်ပြခြင်းခံရသော်လည်း ၎င်းတို့၏ ယဉ်ကျေးမှု၊ ရိုးရာ၊ ဓလေ့ထုံးစံ များမှာ အတူတူဖြစ် ခြင်း၊ အချို့ မျိုးနွယ်စုငယ်များတွင် လူဦးရေ နည်းပါးခြင်း စသည်တို့ကြောင့် အမည် ကွဲမျိုးစုံဖြင့်ဖော်ပြနေ ခြင်း ကို ပယ်ဖျက်ပေးရန် ၊ သန်းခေါင်စာရင်း ကောက်ခံရာတွင် ကူကီး တိုင်းရင်းသား အမည်တစ်မျိုးဖြင့်သာ ကောက်ခံပေးရန် တောင်းဆိုခြင်းဖြစ်သည်။
ယင်းသို့ ကောက်ခံရန်နိုင်ရန် အတွက် ဒီဇင်ဘာ ၂၉ ရက်က စစ်ကိုင်းတိုင်း တမူးမြို့တွင် ကျင်းပခဲ့သော ကူကီး တိုင်းရင်းသား ညီလာခံတွင် သဘောတူညီ ခဲ့ကြခြင်းဖြစ်သည်။
လက်ရှိတွင် ကူကီး-ချင်းဟု သုံးနှုန်းရေးသားမှုများရှိနေရာ ကူကီးတိုင်းရင်းသားအချင်းချင်းကြား စိတ်ဝမ်း ကွဲမှုများ၊ မသင့်မြတ်မှုများဖြစ်ပေါ်နေသည်ဟု ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေး အစည်းရုံး ဥက္ကဋ္ဌ ဒေါ်ငိုင်ငိုင်းကပြောသည်။
၎င်းက“ အတိကျသုတေသနမပြုဘဲ နယ်မြေချင်းထိစပ်တယ်ဆိုပြီး ကူကီးကို ချင်းလူမျိုးနဲ့ မှားယွင်း ဖော်ပြကြတယ်၊ ကူကီးဆိုတာ တိုင်းရင်းသားမဟုတ်ဘူး၊ မောင်းထုတ်ခံရမယ်ဆိုတဲ သတင်းတွေ ထွက်နေလို့ ချင်းလူမျိုးတွေထဲ ကူးပြောင်းသွားတာတွေ၊ ပြည်ပကို ထွက်သွားတာတွွေရှိနေတယ်၊ လူဝင်မှုကြီးကြပ်ရေးက သတ်မှတ်ပေးတာကိုပဲ အတည်မယူဘဲ ကူကီးတိုင်းရင်းသားတွေကို လွတ်လပ်စွာပြောဆိုခွင့်ပေးပါ “ဟု ပြောသည်။
ပြည်တွင်းတွင် ကူကီးတိုင်းရင်းသား ၂၀၀၀၀၀ ကျော်သည် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ကလေးမြို့၊ တမူး၊ ဟုမ္မလင်း၊ လေးရှီး၊ ခန္တီးခရိုင်နှင့် ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်များတွင် အခြေချ နေထိုင် လျက်ရှိပြီး ပြည်ပနိုင်ငံများတွင် ကူကီးလူမျိုး ၃၀၀၀၀၀ ခန့်ရှိနေသည်ဟု ဒေါ်ငိုင်ငိုင်းက ပြောသည်။
မြန်မာပြည် တဝန်းလုံး ကူကီးတိုင်းရင်းသားများ၏ ညီလာခံကို စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ မြို့သစ်မြို့နယ်ခွဲ ၊ တုန်းကျော် ကျေးရွာတွင် အနယ်နယ် အရပ်ရပ်မှ ကူကီးတိုင်းရင်းသားကိုယ်စား လှယ်ပေါင်း ၃၀၀၀ ကျော်ဖြင့် ဒီဇင်ဘာ ၂၉ နှင့် ၃၀ ရက်များတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးအမည် မှန်ကန်စွာ ဖော်ပြနိုင်ရေး အတွက် အခြား တိုင်းရင်းသားများကလည်း လူဦးစာရင်း ကောက်ယူမှုများ ဆောင်ရွက်နေသည်။