ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကန့်သတ်ထားသည့် ပုဒ်မနှစ်ခုအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကန့်သတ်ထားသည့် ပုဒ်မနှစ်ခုအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်
by -
မဇ္ဈိမ

ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားသည့် ပုဒ်မ ၅၉(ဃ)နှင့် ၅၉(စ)ကို ကန့်ကွက်သည့် အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်တစ်ချို့အပါအဝင် ထောက်ခံသူ ၂၀၀ ကျော်က ဆူးလေပန်းခြံအနီးရှိ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရှေ့တွင် ဇန်နဝါရီလ ၃ရက် နံနက် ၁၀နာရီခွဲက ဆန္ဒ ထုတ်ဖော်ခဲ့သည်။

သမ္မတ၊ ဒု-သမ္မတ အရည်အချင်းနှင့် ပတ်သက်၍ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၃)တွင် ပါရှိသော ပုဒ်မ ၅၉(ဃ)၌ "နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စစ်ရေးစသည့် အမြင်များရှိရမည်" ဟု ပါရှိပြီး ၅၉(စ) ၌မူ “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါး ပါးသော် လည်းကောင်း၊ ဇနီး သို့မဟုတ် ခင်ပွန်း၊ သားသမီး၊ သားသမီး၏ ဇနီး/ခင်ပွန်းသည် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ”ဟု ပါရှိသည်။

law section 59e and 59f protesting

ယင်းပုဒ်မနှစ်ခုသည် သမ္မတဖြစ်ချင်သည်ဟု ပြောထားသော ဒေါ်အောင်ဆန်းစုကြည်အတွက် သမ္မတဖြစ်ရန် အတားအဆီးဖြစ်စေသည့် အဓိကအချက်များဖြစ်နေသည်။

“ပုဒ်မ ၅၉(ဃ)နဲ့ ၅၉(စ)ကို အလိုမရှိလို့ပါ။ ပုဒ်မ ၅၉(ဃ)က ပြည်သူတိုင်းက သမ္မတအဖြစ်ရွေးချယ်ပိုင်ခွင့်ရှိဘူး။ ဘာကြောင့်ရွေးချယ် ပိုင်ခွင့် မရှိဘူးလို့ ပြောရလဲဆိုရင် စစ်ရေးကို နားလည်ရတယ်ဆိုတဲ့ အချက်ကြောင့် မြန်မာပြည်သူတိုင်းက သမ္မတအဖြစ်ရွေးချယ်ပိုင်ခွင့် မရှိဘူး။ ဒုတိယအချက်က  ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားတွေဟာ တစ်ခြားနိုင်ငံသားဖြစ်တဲ့အတွက်ကြောင့် သူတို့က ၂၁နှစ်ပြည့်ပြီးရင် ကိုယ်ပိုင်ရပ်တည်ပိုင်ခွင့်ရှိရမယ်။ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိရမယ်။ အဲဒီအချက်တွေကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြတာပါ”ဟု ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သည့် NLDပါတီဝင် ဦးစန်းဝင်းအောင်က ပြောသည်။

ထိုပုဒ်မနှစ်ခုအတွက် ဆန္ဒထုတ်ဖော်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ဆန္ဒပြရာ၌ NLDပါတီဝင်တစ်ချို့ အပါအဝင်၊ 1,000 Million Storng For Daw Aung San Suu Kyi in 2015နှင့် သြစတေးလျနိုင်ငံ မဲဘုံးမြို့မှ ပြည်သူများနှင့် NLDကို ထောက်ခံအားပေးသူ တစ်ချို့ ပါဝင်သည်။

ဆန္ဒဖော်ထုတ်ရာတွင်ပါ၀င်သူ ဒေါ်မွေးက“ ဖွဲ့စည်းပုံထဲက သမ္မတအရည်အချင်းတားမြစ်ချက်ကို အန်တီတို့က သဘောမကျလို့ လာရောက်ဆန္ဒပြတာပါ။ ၅၉(ဃ)ကဒေါ်အောင်ဆန်းစုကြည်က အင်္ဂလိပ်လူမျိုး တစ်ယောက်ကို လက်ထပ်ထားတဲ့အတွက် ကန့်သက်ထားတဲ့ ဥပဒေပေါ့။ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ် အောင်ဆန်းသမီးလည်း ဖြစ်တယ်။ တကယ်တော့ ပြည်သူ့ဆန္ဒပါပဲ သူကမယုံကြည်လောက်တဲ့လူလို့လဲ မယူဆပါဘူး။ သူကိုယုံကြည်တဲ့အတွက် တိုင်းပြည်ကောင်းအောင်လို့ လုပ်လိမ့်မယ်လို့လည်း ယုံကြည်တယ်။ Facebook မှာ ဒီအချက်တွေနဲ့ ပတ်သက်ပြီး ဆန္ဒပြမယ်ဆိုလို့ ဒါတော့ ငါတို့လည်းပါသင့်တယ်ဆိုပြီးလာခဲ့တာပါ” ဟု ပြောသည်။

ယင်းဆန္ဒဖော်ထုတ်ရာတွင် ပြည်သူ၂၀၀ခန့်က" ပြည်သူရွေးချယ်တင်မြောက်သော ခေါင်းဆောင်အစိုးရ ပေါ်ပေါက်ရေး ပုဒ်မ ၅၉ (ဃ)နှင့် ၅၉ (စ) ကို အလိုမရှိ" ဗီနိုင်းဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး ပြည်သူ ၂၀၀ခန့်က မဟာဗန္ဓုလပန်းခြံကို တစ်ပတ်လှည့်ပတ်ပြီး ဆန္ဒဖော်ထုတ်ခဲ့သည်။