၁၃၀၀ ပြည့်နှစ်တွင်ပေါ်ပေါက်ခဲ့သည့် ရေနံမြေသပိတ် စိန်ရတုအခမ်းအနားကို ဒီဇင်ဘာလ ၃၁ ရက်တွင် ပြည်မြို့ ရွှေဆံတော်ဘုရား အနောက်စောင်းတန်းလမ်းရှိ ဇောတိကာရုံ ပါဠိတက္ကသိုလ် စာသင်တိုက်၌ ကျင်းပမည်ဟု အခမ်းအနားကျင်းပရေး ပြည်ခရိုင် ဗဟိုကော်မတီဝင် ဦးကျော်ဆန်းက မဇ္စျိမကို ပြောသည်။
၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတုအခမ်းအနား ကျင်းပရန် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မြို့ နယ်ရဲတပ်ဖွဲ့မှူးများသို့ ဒီဇင်ဘာလ ၁၈ ရက်တွင် စာဖြင့် အကြောင်းကြားခဲ့သည်။ နယ်မြေခံရဲစခန်းနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့လည်း မိတ္တူပေးပို့သွားမည် ဖြစ်သည်။
“ခွင့်ပြုချက်ယူတာမဟုတ်ဘူး အကြောင်းကြားတယ်။ သမိုင်းကို အစိုးရက မပိုင်ဘူး။ ပြည်သူပိုင်တယ်။ အစည်းအဝေး ဆုံးဖြတ်ချက်အရ အကြောင်းကြားတယ်။ ခွင့်ပြုတာမပြုတာက သူတို့အလုပ်”ဟု ဦးကျော်ဆန်းက ပြောသည်။
၁၃၀၀ ပြည့်နှစ်တွင် ချောက်ရေနံမြေတွင် ပေါ်ပေါက်ခဲ့သည့် ရေနံမြေအလုပ်သမားတို့၏ သပိတ်တပ် ရန် ကုန်သို့ ချီတက်လာရာတွင် ဒီဇင်ဘာ ၃၁ ရက်တွင် ပြည်မြို့သို့ ရောက်ရှိပြီး ခရီးတစ်ထောက်နားခဲ့သည် ကိုအစွဲပြုကာ ဒီဇင်ဘာ ၃၁ ရက်တွင် ရ၅ နှစ်မြောက်စိန်ရတုအခမ်းအနား ကျင်းပရန် စီစဉ်ခြင်းဖြစ်သည်။
ရေနံချောင်းနှင့် ချောက်မြို့တို့မှ အလုပ်သမားတို့သည် မိုင်ပေါင်း ၄၀၀ ကျော် ဝေးကွာသည့် ရန်ကုန်မြို့သို့ နိုဝင်ဘာ ၃၀ ရက်တွင် ချီတက်ခဲ့ကြပြီး ၁၉၃၈ ခုနှစ် ဇန်နဝါရီ ၈ ရက် တွင် ရန်ကုန်သို့ ရောက်ရှိကာ ရွှေတိဂုံစေတီတော် အနောက်တောင်ထောင့်၌ ၁၃၀၀ ပြည့်တွင် သပိတ်စခန်း ဖွင့်ခဲ့သည်။