မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအထိမ်းအမှတ်ဖြစ်သည့် ပင်လုံကျောက်တိုင်ကြီးကို ကျပ်သိန်း ၁၃၆၅ ကျော် သုံးစွဲကာ ပြင်ဆင်သွားမည်ဟု ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁၈ရက်တွင် မဇ္ဈိမကို ပြောသည်။
“ပထမအဆင့်အနေနဲ့ ကျွန်တော်တို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဘတ်ဂျက်မှ ကျပ်သိန်း ငါးရာကျော်ရယ်၊ ပြည်နယ် စည်ပင်သာယာရေး ရန်ပုံငွေ ကျပ်သိန်းငါးရာကျော် ပေါင်းပြီးတော့ ကျပ်သိန်း (၁၃၆၅) သိန်းအကုန်ကျခံပြုပြင်သွားမှာ ဖြစ်တယ်”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ပင်လုံ ကျောက်တိုင် ပြုပြင်ရာတွင် လုပ်ငန်း ၁၅မျိုးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြေယာပြုပြင်ခြင်း၊ ပန်းအလှစိုက်ပျိုးခြင်း၊ ရေ၊ မီးဆောင်ရွက်ခြင်း၊ ကျောက်တိုင် ရင်ပြင်ခင်းခြင်းတို့ကို ဦးစားပေးအနေဖြင့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း အပြီးသတ်နိုင်ရန် ကြိုးပမ်းနေသည်ဟု ဆိုသည်။
ကျန်ရှိလုပ်ငန်းများကိုလည်း အဆင့်ဆင့် ဆက်လက်ဆောင်ရွက်ရန် စီစဉ်ပြီးဖြစ်သည်ဟု အဆိုပါ တာဝန်ရှိ သူက အသိပေးသည်။
ပင်လုံ ကျောက်တိုင် ဘက်စုံ မွန်းမံပြုပြင်ရေးအတွက် ပင်လုံဒေသခံ ပြည်သူများကို ဒီဇင်ဘာ ရ ရက်ကတည်း က အသိပေးခဲ့ပြီးဖြစ်သည် ဟုလည်း ဆိုသည်။“ပြန်လည်ပြင်ဆင်မယ်ဆိုတော့ ကောင်းပါတယ်။ အခုက ကျောက်တိုင်မှာ မီးသွေးခဲနဲ့ အမှတ်တရရေးထားတာ မျိုးတွေ အမြင်မတော်တာမျိုးတွေ တွေ့နေရတယ်” ဟု ပင်လုံမြို့ခံ ကိုအိုက်လုံက မဇ္ဈိမကိုပြောသည်။
၁၉၄၇ခုနှစ် ဖေဖော်ဝါရီ ၁၂ရက်တွင် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ပင်လုံမြို့၌ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် လွတ်လပ်ရေး ခေါင်းဆောင်ကြီးများ ပင်လုံစာချုပ်ချုပ်ဆိုရာမှ ပင်လုံကျောက်တိုင်ဟူ၍ ဖြစ်တည်လာခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင်တည်ရှိသော ပင်လုံကျောက်တိုင်(တောင်တန်း-ပြည်မ ပူးပေါင်းဆောင်ရွက်ရေး ကမ္ဗည်းကျောက်တိုင်)ကို ၁၉၅၁ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက်တွင် ဆောက်လုပ် ခဲ့ခြင်းဖြစ်ပြီး ၁၉၇၂ခုနှစ်တွင် ကျောက်တိုင်ကို လမ်းဘက်ပြန်လှည့်ကာ ပြည်မတောင်တန်း ပူးပေါင်းဆောင် ရွက်ရေး ကမ္ဗည်းကျောက်တိုင်ဟု ပြောင်းလဲရေးသား ခေါ်ဝေါ်ခဲ့သည်။