စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ၀န်ကြီးများနေထိုင်ရန်နှင့် လွှတ်တော်ရုံးတည်ဆောက်ရန်အကြောင်းပြချက်ဖြင့် မြေများ သိမ်းယူခဲ့ခြင်း အတွက် ဒေသခံတို့က ကျေနပ်မှုမရှိဟုဆိုကာ မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ၀န်ကြီးများအိမ်ရာဝင်းရှေ့ ဂိတ်ပေါက်အမှတ်၂ တွင် ဒီဇင်ဘာ ၁၂ ရက်က စုရုံး ဆန္ဒပြခဲ့ သည်။
၂၀၁၀ ခုနှစ်အတွင်းက ဒေသခံတို့၏နေအိမ်များကို သိမ်းဆည်းကာ နစ်နာကြေးပေး ဖယ်ရှားစေခဲ့ရာ လျော်ကြေးသည် မျှတမှုမရှိဟုဆိုကာ ဒေသခံတို့က ဆန္ဒထုတ်ဖေါ်ခြင်းဖြစ်သည်။
“အရင်ဆုံး ဖယ်ရှားခြင်းခံရတဲ့ ၆၂ ဦးကတော့ ဖြစ်သလိုနေရတယ်။ နောက်ထပ် ပြောင်းရွှေ့ရတဲ့ ၁၂ ဦး ကတော့ ငွေထုပ်ပိုက်ပြီး အိမ်ဆောက်ရတယ်။ အဲ့ဒါကြောင့် မြေသိမ်းခံရတဲ့သူအချင်းချင်း လျော်ကြေးရ တဲ့အခါ မျှတမှုမရှိတဲ့အတွက် ၀န်ကြီးချုပ်ဦးသာအေးနဲ့တွေ့ဖို့လာတာ”ဟု မြေသိမ်းဖယ်ရှားခံရသူဒေါ်ဝင်းနုက ပြောသည်။
သို့သော် ၀န်ကြီးများအိမ်ရာနှင့် လွှတ်တော်ရုံး တည်ဆောက်ရန် အနည်းဆုံး သတ်မှတ်လျာထားသည့် မြေနေရာနှင့် ကင်းလွတ်ခြင်းမရှိသည့် နေအိမ်အချို့ ရှင်းလင်းဖယ်ရှားခံရရာတွင် မြေနေရာ အစားပေး ကာ မိသားစု ပြောင်းရွှေ့စရိတ်များ ပံ့ပိုးကူညီပေးခဲ့ပြီးဖြစ်သည်ဟု မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေး မှူး ဦးညွန့်စိုးက ပြောသည်။
ယင်းအပြင် မြို့နယ်စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်တစ်ဦးကလည်း “မြေသိမ်းခံရလို့ နစ်နာတာကတော့ တူပါတယ်။ ဒါပေမဲ့ သိမ်းဆည်းခံရတဲ့ မြေအမျိုးအစားနဲ့ နေရာအနေအထားချင်း မတူညီတာကြောင့် နစ် နာမှု ခံစားရတာချင်းလဲ မတူနိုင်ပါဘူး”ဟု ဆိုသည်။
မြေသိမ်းခံရပြီး ထောက်ပံ့ကြေးများ ရရှိထားသူ ၆၂ ဦးရှိသည့်အနက် ဒီဇင်ဘာ ၁၂ ရက် စုရုံးဆန္ဒပြမှုတွင် ၂၁ ဦး ပါ၀င်သည်။