မိကျောင်းကန် မြေသိမ်းပြဿနာအား ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေစုံစမ်းရေးကော်မရှင်က ဖြေရှင်းပေးမည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးအောင်သိန်းလင်း၏ လက်မှတ် ရရှိသဖြင့် သပိတ်စခန်းကို ဒီဇင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းတွင် ပိတ်သိမ်းခဲ့သည်။
မိကျောင်းကန် ၁၊ ၂၊ ၃ ရပ်ကွက်မှ မြေသိမ်းခံပြည်သူများ၏ နစ်နာမှုများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များကို ပြည်ထောင်စုလွှတ်တော်မှတစ်ဆင့် အစိုးရထံ စုံစမ်းရေးကော် မရှင်က တင်ပြပေးမည်ဟု ဆိုသဖြင့် မိကျောင်းကန် သပိတ်စခန်းဖွင့်သည့် ၁၇ ရက်မြောက်နေ့တွင် ဆန္ဒပြခြင်းကို ၃ လတာ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။
မိကျောင်းကန်သပိတ်စခန်း ပိတ်သိမ်းခြင်းနှင့် ပတ်သက်၍ သပိတ်စခန်းဦးဆောင်သူများထဲမှ တစ်ဦးဖြစ်သော ဦးစိန်သန်းက “ဒီနေရာမှာ သမဆေးခန်းတွေနဲ့ တရားဝင်နေထိုင်ပြီး ဘုရားကျောင်းကန် သိမ်ဇရပ်တွေနဲ့ အတည်တကျနေထိုင်ခဲ့တဲ့ ရပ်ကွက် ဖြစ်တယ်ဆိုတဲ့ အကြောင်းကိုတော့ ကော်မရှင်ဘက်က ယာယီလက်မှတ်ထိုးပြီး အရေးပေါ်လာပို့တယ်။ တပ်သိမ်းမြေဖြစ်တဲ့အတွက် သူတို့ဘက်က တွေ့ဆုံရမယ်။ အစည်းအဝေးလုပ်ရမယ့်အတွက် အချိန်ပေးပါဆိုတော့ အိမ်မှာ သုံးလပြန်စောင့်မယ်။ သပိတ်စခန်းကိုလည်း ခေတ္တယာယီပဲ ရပ်ဆိုင်းထားတယ်။ အဖြေမရရင် ဒီထက်ကြီးမားတဲ့ သပိတ်စခန်းနဲ့ တိုက်ပွဲဝင်ဖို့ အဓိဌာန်ထားတယ်” ပြောသည်။
သက်ဆိုင်ရာအစိုးရအဖွဲ့မှ လက်မှတ်ထိုးထားခြင်းမဟုတ်ဘဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန််းလင်းလက်မှတ်ထိုးသည့် အပေါ်တွင် အားနည်းသေးသည် ဟုဆိုရသော်လည်း ဒီဇင်ဘာလ ၁၃ရက်တွင် အချက်အလက်အပြည့်အစုံနှင့် ရုံးတံဆိပ်ရိုက်နှိပ်ပြီး လက်မှတ်ထိုးပေးမည်ဟု မိကျောင်းကန် မြေသိမ်းခံပြည်သူများထဲမှ ဦးဆောင်သူတစ်ချို့ကို ဖိတ်ခေါ်ထားကြောင်း ဦးစိန်သန်း၏ ပြောကြားချက်အရ သိရသည်။
လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ ၁ ၏ အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက “တင်ပြထားတဲ့အချက်အလက်တွေကလည်း ပဂတိအခြေအနေတွေကို တင်ပြတာဖြစ် တယ်။ နစ်နာမှုများကို တင်ပြတဲ့အခါမှာ လိုနေတာတွေ ရှိကောင်းရှိပါလိမ့်မယ်။ တရားဝင်ဖြစ်မှုအချက် အလက်နဲ့ ပတ်သက်တဲ့ အထောက်အထားတွေ တင်ပြတဲ့အခါမှာ လိုနေတာတွေ ရှိတယ်လို့ ဦးစိန်သန်းနဲ့ ဆွေးနွေးတဲ့ အခါမှာ သိရပါတယ်။ ထပ်ဖြည့်ပြီး အစီရင်ခံစာ ပြည့်ပြည့်စုံစုံ တင်ပြပေးမယ်။ ဒီမြေက စည်ပင်အုပ်ချုပ်မှုအောက်မှာ ရှိနေတယ်” ဟု ကော်မရှင်တွေ့ရှိချက်အပေါ် တင်ပြထားမှုများနှင့် ပတ်သက်၍ ပြောသည်။
မိကျောင်းကန် ၁၊ ၂၊ ၃ ရပ်ကွက်ကြီးသည် ၁၉၁၇ ခုနှစ်ခန့်ကပင် တည်ရှိခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီတွင် အခွန်အခများပေးဆောင်၍ နေထိုင်ခဲ့သူများဖြစ်သည်ဟု ကော်မရှင်မှ တွေ့ရှိချက်ကို ဖော်ပြထားသည်။
မိကျောင်းကန် အပိုင်း ၁ မှ မြေပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်မာချိုကလည်း “ကိုယ့်မြေကိုယ်ပြန်ရရင်တော့ အတိုင်းထက် အလွန်ဝမ်းသာတာပေါ့။ အခုက သုံးလစောင့်ဆိုင်းရဦးမယ်ဆိုတော့ ရင်တစ်ထိပ်ထိပ်နဲ့ စောင့်နေရဦးမယ်” ဟုပြောသည်။
မိကျောင်းကန် ၁၊ ၂၊ ၃ မြေသိမ်းခံပြည်သူများအနေဖြင့် နေရာသစ်ကို ပြောင်းရွှေ့ခံရမှုကြောင့် နေရာသစ်တွင် အခက်အခဲမျိုးစုံဖြင့် တွေ့ကြံုရခြင်း၊ ပြောင်းရွေ့ချိန်တွင် သားသမီးပျောက်ဆုံးသွားခြင်း၊ နေရာသစ်တွင် ငှက်ဖျားမိ၍ မိသားစုလိုက်သေဆုံးခြင်း၊ မူလနေရာများမှ အလုပ်အကိုင်များကို
စွန့်လွှတ်ခဲ့ရခြင်းကြောင့် အလုပ်လက်မဲ့များဖြစ်ရခြင်း စသည့် လူမှုဒုက္ခအပေါင်း ခံစားရခြင်းများလည်း ရှိသည်ဟု ကော်မရှင် တွေ့ရှိချက်က ဆိုထားသည်။
ယင်းမြေသိမ်းဆည်းခြင်းခံရမှုနှင့် စပ်လျဉ်း၍ ထိုစဉ်က တည်ဆဲဥပဒေနှင့် အညီဆောင်ရွက်ခဲ့ခြင်း ဟုတ်/မဟုတ်ကို လွှတ်တော်တွင် မေးမြန်းထားပြီး ဖြစ်သည်။
မိကျောင်းကန် ၁၊ ၂၊ ၃ ရပ်ကွက် မြေသိမ်းခံရခြင်းနှင့် ပတ်သက်ပြီး ဆန္ဒဖော်ထုတ်မှု ခုနှစ်ကြိမ်နှင့် သပိတ်စခန်း နှစ်ကြိမ်ဖွင့်လှစ်ခဲ့သည်။ ဒုတိယမြောက် သပိတ်စခန်းကို နိုဝင်ဘာလ ၂၆ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ဒီဇင်ဘာလ ၁၂ရက်တွင် ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။ ယခင် န.၀.တ အစိုးရလက်ထက် ၁၉၉၁ ခုနှစ်က မိကျောင်းကန်မြေများကို သိမ်းယူခဲ့ခြင်းဖြစ်သည်။ မိကျောင်းကန် ၁၊ ၂၊ ၃ ရပ်ကွက် မြေသိမ်းဆည်းခံခြင်းခံရမှုကြောင့် နစ်နာသူ ၁၀၂၀ဦးကို ကော်မရှင် အဖွဲ့ခွဲ (၁)ကို တင်ပြထားခြင်း ဖြစ်သည်။