ရွေးကောက်ပွဲစနစ်ပြောင်းရန် မမျှော်လင့်နိုင်တော့ဟုဆို

ရွေးကောက်ပွဲစနစ်ပြောင်းရန် မမျှော်လင့်နိုင်တော့ဟုဆို
by -
မဇ္ဈိမ

ရွေးချယ်တင်မြှောက်သည့်စနစ် ပြောင်းလဲကျင့်သုံးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အကြံပြုစာ ပေးပို့ထားသော ဒီမိုကရေစီမိတ်ဆွေပါတီများအဖွဲ့ တာဝန်ရှိသူအချို့က ယခုအချိန်အထိ ပြည်ထောင်စု လွှတ်တော်၌ ဆွေးနွေးနိုင်ခြင်းမရှိသဖြင့် လာမည့် ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် စနစ်ပြောင်း ရန် မမျှော်လင့်နိုင်တော့ဟု ဒီဇင်ဘာ ၅ ရက်တွင် မဇ္ဈိမကို သုံးသပ်ပြောဆိုကြသည်။

“အခုထိ ဘာသံမှမကြားရတော့ဘူးဆိုတော့ သိပ်မျှော်လင့်ချက်မရှိတော့ဘူး။ တော်တော်လေး မှေးမှိန်နေ တယ်လို့သုံးသပ်လို့ရပါတယ်”ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။

၎င်း၏ပါတီသည် ဒီမိုကရေစီ မိတ်ဆွေပါတီများအဖွဲဲ့တွင် ပါ၀င်ပြီး ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၂၇ ရက်ကတည်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ အကြံပြုစာ ပေးပို့ထားခဲ့သည်။

အခြား အဖွဲ့ဝင်ပါတီတစ်ခုဖြစ်သည့် ဒီမိုကရက်တစ်ပါတီ(မြန်မာ) အထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနု ကလည်း မဖြစ်နိုင်တော့ဘူးလို့ ယူဆစရာရှိပါတယ်”ဟု သုံးသပ်ပြောဆိုခဲ့သည်။

ထိုသို့ ရွေးကောက်ပွဲစနစ် ပြောင်း မပြောင်းကို ပြည်ထောင်စုလွှတ်တော်က ယခုနှစ်ကုန်အမီ ဆုံးဖြတ်ပေး မှသာ လုပ်ငန်းဆောင်ရွက်ရန် ဖြစ်နိုင်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲဥက္ကဋ္ဌက အသိပေးထားသော်လည်း ယနေ့အချိန်အထိ လွှတ်တော်တွင်း ဆွေးနွေးရခြင်း မရှိသေးပေ။

အဆိုပါအဖွဲ့က လက်ရှိကျင့်သုံးနေသည့် ရွေးကောက်ပွဲစနစ် (မဲအများဆုံးရသူ အနိုင်ရ)ကို သက်ဆိုင်ရာ မဲ ဆန္ဒနယ်များတွင် ပါတီအလိုက်ရရှိသည့် မဲအရေအတွက်ဖြင့် အချိုးကျ ကိုယ်စားပြု ရွေးကောက်ခံပိုင်ခွင့် (ပီ အာရ်စနစ်)သို့ ပြောင်းလဲရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အကြံပြုခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စကို သုံးသပ်ရန် ပြည်ထောင်စုလွှတ်တော်က ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ် ရေး ပူးပေါင်းကော်မတီသို့ ဇူလိုင် ၁ ရက်တွင် တာဝန်လွှဲပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်သို့ အဆိုပါကော်မတီ အစီရင်ခံစာ နောက်ဆုံးတင်သွင်းရမည့် ဇန်နဝါရီ ၃၁ ရက်မတိုင်မီ လွှတ်တော်တွင်း ဆွေးနွေးရန်ရှိတော့မည်မဟုတ်ဟု ကာယကံရှင်တို့က ယူဆကြခြင်းဖြစ် သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကမူ ရွေးကောက်ပွဲစနစ် ပြောင်းရေး ဖြစ်နိုင်မဖြစ်နိုင် ယတိပြတ် မပြောဆိုလိုသေးဟု ဆိုသည်။

“ဒီနှစ်ကုန် ဆုံးဖြတ်ပေးနိုင်မယ်ဆိုရင်တော့ ပြင်ဆင်ဖို့အချိန် ပြည့်ပြည့်ဝဝနဲ့ လုပ်နိုင်တာပေ့ါဗျာ။ ဒါပေမဲ့ ပြည် ထောင်စုလွှတ်တော်က ပြောင်းဖို့ ဆုံးဖြတ်တယ်ဆိုရင် ကျွန်တော်တို့က လုပ်ပေးရမှာပါပဲ”ဟု ပြည်ထောင်စု ရွေးကော်ပွဲကော်မရှင်အဖွဲဲ့ဝင် ဦးသောင်းလှိုင်က ပြောကြားသည်။

Most read this week