ဆန္ဒပြတောင်းဆိုမှုများအပေါ် ဖြေရှင်းမှုအားနည်းပြီး အရေးယူမှုများသာ ရှိနေ

ဆန္ဒပြတောင်းဆိုမှုများအပေါ် ဖြေရှင်းမှုအားနည်းပြီး အရေးယူမှုများသာ ရှိနေ
by -
မဇ္ဈိမ

ပြည်သူများ၏လိုအပ်ချက်များကို ဆန္ဒထုတ်ဖော်တောင်းဆိုရန် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်စီတန်းလှည့်လည် ခွင့်ဆိုင်ရာ ဥပဒေ(ပုဒ်မ-၁၈)ကို ပြဋ္ဌာန်ပြီးနောက် ဆန္ဒထုတ်ဖော်တောင်းဆိုမှုများ ရှိလာရာတွင် ပြည်သူ့ ဆန္ဒများကို ဖြေရှင်းပေးခြင်းထက် ဆန္ဒပြတောင်းဆိုမှုများကိုသာ ထိန်းချုပ်ပြီး ဦးဆောင်သူများကို အရေး ယူခြင်းများ ရှိလာသည့်အပေါ် ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ဥပဒေပညာရှင် အသိုင်းအဝိုင်းက ဝေဖန်မှုများ ရှိနေသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် ဆန္ဒထုတ်ဖော် တောင်းဆိုမှုများတွင် သက်ဆိုင်ရာ တိုင်း၊ ပြည်နယ်အစိုးရများ က ဖြေရှင်းပေးနိုင်ခြင်း မရှိသည့်အပြင် ဒေသဆိုင်ရာ အစိုးရနှင့် ရဲတပ်ဖွဲ့များက အရေးယူမှုများ ဖြစ်ပေါ် နေသည်ကို ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ထောက်ပြပြောဆိုသည်။

“လူအနည်းစုဖြစ်စေ၊ အများစုဖြစ်စေ ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံကို အစိုးရက ဘယ်လို အကျိုးသက် ရောက်အောင် အကောင်အထည်ဖော်ပေးမလဲ။ ပြည်သူ့တောင်းဆိုချက်တွေကို တည်ဆဲဥပဒေတွေနဲ့ ညီရင် ခွင့်ပြုရမယ်။ သူတို့ဆန္ဒတွေ အကောင်အထည်ပေါ်လာဖို့ တိုင်းအစိုးရမှာ တာဝန်ရှိတယ်။ အစိုးရ မှာ လုပ်ပိုင်ခွင့်ရှိပြီးသားကို လုပ်ပေးဖို့ လိုတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် (ပုဒ်မ-၁၈)နှင့် ၂၀၀၈ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်များသည်လည်း ရှေ့နောက် ညီညွတ်မှုမရှိသည့်အပြင် ပုဒ်မ ၁၈ သည်လည်း လိုသလိုဆွဲ ကောက် ချက်ချနိုင်ရန် ထုတ်ပြန်ထားသကဲ့သို့ ဖြစ်နေကြောင်း နိုင်ငံရေးနှင့် ဥပဒေရေးရာပညာရှင်များက ထောက် ပြသည်။

ယင်းနှင့်ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက “ပုဒ်မ-၁၈နဲ့ပတ်သက်ပြီး ကောင်းတာ တစ်ခုမှ မရှိဘူး။ တည်ဆဲဥပဒေနဲ့ လုံးဝ မညီညွတ်ဘူး။ အခြေခံဥပဒေမှာက နိုင်ငံသားတိုင်းကို လွတ်လပ်စွာဆန္ဒ ထုတ်ဖော်ခွင့် ပေးထားတယ်။ နည်းဥပဒေ (စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေ)မှာက ရဲမှူးကြီးခွင့်ပြုမှ ဆန္ဒပြရမယ်လို့ ရေးထားတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တက်တက်စင်အောင် လွဲ နေပြီ။ ပြင်ဖို့ ကြိုးစားနေကြပြီ။ ပုဒ်မ-၁၈ နဲ့ တရားရုံးတွေကနေ အပြစ်ပေးနေတာက တော်တော် ပြောရ ဆိုရ ခက်တယ်။ အခြေခံဥပဒေအရဆိုရင် ဆန္ဒထုတ်ဖော်တဲ့သူတွေမှာ လုံးဝအပြစ်မရှိဘဲ၊ နည်းဥပဒေအရတော့ အပြစ်ရှိနေတဲ့သဘော ဖြစ်နေတယ်”ဟု ပြောသည်။

ဆန္ဒထုတ်ဖော်ခွင့် ခွင့်ပြုမိန့် လျှောက်ထားရာတွင်လည်း ခွင့်မပြုခြင်း၊ ဆန္ဒပြမည့်ရက် ကျော်လွန်မှ ခွင့်ပြု ခြင်းများ ရှိသည့်အပြင် ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်ခဲ့သူများအား စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ-၁၈ ဖြင့် တရားစွဲဆိုခြင်းများ၊ ပြစ်မှု၊ ပြစ်ဒဏ် ချမှတ်ခြင်းများ ရှိသည့်အတွက် တိုင်းအစိုးရအ နေဖြင့် တာဝန်ယူ ဆောင်ရွက်ပေးနိုင်ရန် လိုအပ်နေသည်ဟု ဦးဝင်းထိန်က ဝေဖန်ပြောဆိုသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်သူများ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ခွင့်ပြုထားပြီးဖြစ်ရာ အဆိုပါရပိုင်ခွင့်အား ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များဖြင့် စီစဉ်ဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်းပေးထားခဲ့သည်။ အဆိုပါဥပဒေ၊ နည်းဥပဒေသည် ဆန္ဒ ထုတ် ဖော်သူ ပြည်သူများ၏ ဆန္ဒပြည့်ဝရေး အကျိုးသက်ရောက်မှုရှိစေရေးကို အကောင်အထည်ဖော်ပေးမည့် ဥပဒေ၏ အနှစ်သာရများ မပါရှိသဖြင့် ဒေသအစိုးရမှ အကောင်အထည်ဖော်ပေးရန် ထောက်ပြပြောဆိုရ ခြင်းဖြစ်ပြီး၊ သက်ဆိုင်ရာအစိုးရသို့လည်း ဒီဇင်ဘာ ၉ ရက်တွင် ကျင်းပမည့် သတ္တမအကြိမ် ပုံမှန်အစည်းအဝေး ကာလအတွင်း မေးခွန်းအဖြစ် မေးမြန်းသွားမည်ဖြစ်သည်ဟုလည်း ဦးဝင်းထိန်က ပြောသည်။

ပြည်သူများ၏ တောင်းဆို ဆန္ဒပြမှုများနှင့်ပတ်သက်ပြီး ဦးကိုနီက “ပြည်သူ့ဆန္ဒ လိုက်လျောပေးဖို့က အစိုးရနဲ့ အဓိကသက်ဆိုင်တယ်။ အဲ့ဒါက အစိုးရတာဝန်ပဲ။ ပြည်သူ့ဆန္ဒမလိုက်လျောရင် တာဝန်ပျက်ကွက် တာပဲ”ဟု ပြောသည်။

လက်ကျန်နိုင်/ကျဉ်း စိစစ်ရေးကော်မတီဝင် နိုင်ငံရေးအကျဉ်းသားပောာင်းအဖွဲ့ချုပ်မှ ဦးရဲအောင်ကလည်း ပုဒ်မ ၁၈ နှင့် နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေသည့် ရာဇသတ်ကြီး ပုဒ်မ (၅၀၅/ခ)ဖြင့် စွဲချက်တင်ထားသောအမှု ၂၅၆ မှုအား နိုင်ငံရေးအကျဉ်းသားစာရင်းတွင် ထည့်သွင်းပြီး လွှတ်ပေးရန် တောင်းဆိုသွားမည်ဖြစ်သည်ဟု မဇ္စျိမကို ပြောဆိုထားသည်။

၂၀၁၂ ခုနှစ်၊ စက်တင်ဘာ၂၁ ရက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ် ဖော်ခဲ့ကြသည့် တက္ကသိုလ်ကျောင်းသားများဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌကိုဒီငြိမ်းလင်းအပါအဝင် ခြောက် ဦးကို ပုဒ်မ-၁၈ဖြင့် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့သည်။

ထို့အပြင် နိုဝင်ဘာ၂၆ ရက်တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ခွင့်ပြုချက်မရဘဲ ဆန္ဒ ထုတ် ဖော်ခဲ့သည့် ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်မေစံပါယ်ဖြူနှင့် ကိုမရန်ဂျော်ဂွန်းတို့အား စမ်းချောင်း မြို့ နယ်နှင့် ဒဂုံမြို့နယ် တရားရုံးများမှ ငွေဒဏ် ကျပ်တစ်သောင်းစီ ချမှတ်ခဲ့သည်။

Most read this week