အစိုးရနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့၏ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲကို ၂၀၁၄ ဇန်နဝါရီလတွင်ဆွေးနွေးရန် သဘောတူလိုက်သည်ဟု နိုဝင် ဘာလ ၂၀ ရက်နေ့ နေပြည်တော်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံအပြီးတွင် ABSDF ဗဟိုဦးဆောင်ကော်မတီဝင်၊ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုကျော်ကိုက ပြောသည်။
မူလက ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ၌ ဆွေးနွေးရန်လျာထားသည်ကို အစိုးရဘက်မှ နို၀င်ဘာလ ၂၁ ရက် နောက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပါတီများတွေ့ဆုံပေးရေး၊ ဘားအံတွင် ဒုတိယအကြိမ်မြောက် တိုင်းရင်းသားထိပ်သီးခေါင်းဆောင်ဆွေးနွေးပွဲများ ရလဒ်များကို စောင့်ကာ တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးနှင့်အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေး ထိုးရန်ဆောင်ရွက်စရာများရှိနေသဖြင့် ကြားကာလတွင်းဖြစ်နေသည့် ကျောင်းသားတပ်မတော်နှင့် ဆွေးနွေးမှုအား ၂၀၁၄ ဇန်နဝါရီလသို့ ရွှေ့ဆိုင်းရန် စီစဉ်လိုက်ရခြင်းဖြစ်သည်ဟု ဦးလှမောင်ရွှေက မဇ္ဈိမကို နိုဝင်ဘာ ၁၈ ရက်နေ့က ရှင်းပြသည်။
နို၀င်ဘာ ၂၀ ရက်နေ့ တွေ့ဆုံပွဲတွင် ဦးသံခဲ ခေါင်းဆောင်သည့် ၊ABSDF ကိုယ်စားလှယ်အဖွဲ့နှှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတို့သည် နေပြည်တော်ရှိ သမ္မတရုံးတွင် တွေ့ဆုံဆွေးနွေးကြ ခြင်းဖြစ်သည်။
ကိုကျော်ကို၏ ပြောကြားချက်အရအဆိုပါတွေ့ဆုံပွဲတွင် နှစ်ဘက်ဆွေးနွေးမှုများသည် အလားအလာ ကောင်းကြောင်း၊ လက်ရှိ နိုင်ငံရေးပြဿနာများအပေါ် နှစ်ဖက်ရှုမြင်ရာတွင်အပြန်အလှန် နားလည်မှုရှိ ကြောင်းသိရသည်။
၎င်းကဆက်၍ “အရင်းခံနိုင်ငံရေး ပြဿနာဖြေရှင်းနိုင်မယ့် ခြေလှမ်းအစလို့မြင်ပါတယ်။ အပေါင်းလက္ခဏာဆောင်တယ်”ဟု ပြောဆိုသည်။
နေပြည်တော် ဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက်ပိုင်း လုပ်ဆောင်ရမည့် လုပ်ငန်းပိုင်းများနှင့် ဆက်ဆံရေးရုံးများဖွင့်ပြီး လည်ပတ်နိုင်ရန်ကိစ္စများလည်း ဆွေးနွေးကြသည်ဟုဆိုသည်။
“ဥပမာ မြဝတီဆက်ဆံရေးရုံးဆို လည်ပတ်နေပါပြီ။ အဲဒါတွေ တိုင်ပင်ကြပါတယ်”ဟု ကိုကျော်ကိုကပြော သည်။
ယနေ့ ဆွေးနွေးပွဲတွင် ၀န်ကြီးဦးအောင်မင်း၊ ၀န်ကြီးဦးခင်ရီ၊ နယ်စပ်ရေးရာ ဒု-၀န်ကြီး၊ ၀န်ကြီး ဦးအုံးမြင့်နှင့်အခြားတာဝန်ရှိသူများတက်ရောက်ကြပြီး ဆွေးနွေးမှုများနှင့် ဆက်စပ်နေသော အခြားဝန်ကြီးဌာနများ နှင့်လည်းနေပြည်တော်တွင် ဆက်လက်တွေ့ဆုံသွားရန်ရှိကြောင်း ကိုကျော်ကိုထံမှသိရသည်။
အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ နည်းပညာအထောက်အကူပြုအဖွဲ့နှင့် ABSDF တို့သည် မြန်မာငြိမ်းချမ်းရေးစင်တာတွင် နိုဝင်ဘာ ၁၈ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့သေးသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လုပ်နေစဉ်အတွင်း ABSDF မှ ပထမဦးဆုံးအနေဖြင့် ၂၀၁၂ ခုနှစ် နှစ်ကုန် ပိုင်းတွင်အစိုးရနှင့် သဘောတူညီမှုရယူကာ မြန်မာပြည်တွင်းသို့ ပထမဦးဆုံးအကြိမ်အဖြစ် လေ့လာခွင့် ရခဲ့သည်။
ထို့နောက် ၂၀၁၃ ခုနှစ် သြဂုတ်လတွင် ပထမအကြိမ် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲပြုလုပ်ခဲ့ ပြီး ဒုတိယအကြိမ် ပြည်ထောင်စုအဆင့်သို့ဆွေးနွေးရန် နိုဝင်ဘာလတွင်သတ်မှတ်ထားသည်ကို ယခုအခါ ၂၀၁၄ ဇန်နဝါရီလသို့ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။