ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ ယခုတစ်ပတ်အတွင်း တိုက်ပွဲများဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၁၉ ရက်မှစတင်ကာ ပစ်ခတ်ခြင်းမပြုရန် KIO က ညွှန်ကြားလိုက်သည်။
“ကျွန်တော်တို့ဘက်က မပစ်ဖို့ အထက်က ညွှန်ကြားထားလို့ ကျွန်တော်တို့လည်း မပစ်ဘဲရပ်ထားတယ်။ သူတို့(အစိုးရတပ်)ကတော့ ပစ်ခတ်တာရှိသေးတယ်၊ သူတို့က ကျွန်တော်တို့ကို လှမ်းတွေ့ရင်ပစ်တယ်။ ကျွန်တော်တို့က မပစ်ဘူး”ဟု KIO တပ်ရင်း ၁၂ တပ်မမှူး ဗိုလ်မှူးဂျွန်းအောင်က ပြောသည်။
နိုဝင်ဘာ ၁၉ ရက်တွင် နှစ်ဖက် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသော်လည်း အစိုးရတပ်မှ ပစ်ခတ်မှု များ ရှိနေဆဲဟု ဗိုလ်မှူးဂျွန်းအောင်က ဆိုသည်။ “မနက် ကိုးနာရီလောက်မှာ ကျွန်တော်တို့ကို တစ်ကြိမ် သေနတ်ငယ်နဲ့ ငါးကြိမ် ခြောက်ကြိမ်လောက် ပစ်ခတ်တယ်”ဟု ပြောသည်။
အစိုးရတပ်နှင့် KIO တို့ တနင်္ဂနွေနေ့နှင့် တနင်္လာနေ့များတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ တိုက် ပွဲဖြစ်ပွားရာနှင့် နီးစပ်သည့် နမ်လင်းပါကျေးရွာမှ စစ်ပြေးဒုက္ခသည် ၅၀၀ ခန့် အခြားရွာဖြစ်သည့် မန်ဝင်း ကြီးသို့ ပြောင်းရွှေ့ခိုလှုံလာကြသည်ဟုလည်း မန်ဝင်းကြီးမှ ကက်သလစ်ဘုန်းတော်ကြီး ဖာသာခါးလီက မဇိ်္စျမကို ပြောသည်။
“ဒုက္ခသည်တွေကိုတော့ တတ်နိုင်သလောက် ကူညီပေးနေတယ်။ နေဖို့ထိုင်ဖို့ကလည်း ခက်နေတယ်။ ဘာမှမရှိဘူးဆိုတော့၊ ခုတော့ ယာယီတဲ ဆောက်နေတယ်၊ ခက်တာကတော့ အကုန်လုံးပါပဲ”ဟု ပြောသည်။
“နမ်လင်းပါကနေ ကောင်ငူယန်ဆိုတဲ့ရွာမှာ စာရင်းကောက်တယ်၊ လူ ၅၀၀ ကျော် ရောက်လာပြီလို့ ပြော တယ်။ တချို့ ဒုက္ခသည်စခန်းတွေမှာ ရောက်လာတယ်။ အားလုံး အတိအကျ မသိသေးဘူး။ တချို့လမ်း မှာ တောတောင်တွေမှာ ရှိသေးတယ်။ မနက်ဖြန် သန်ဘက်ခါတော့ ထပ်ရောက်လာဦးမယ််”ဟုလည်း ဖာသာခါးလီက ပြောသည်။
UNHCR အဖွဲ့အစည်းများကလည်း ယာယီတဲများ ဆောက်ပေးရန်အတွက် လာမည့်နိုဝင်ဘာလ၂၂ ရက် မှာ မန်ဝင်းကြီးသို့ ရောက်ရှိမည်ဟု သိရကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် နမ်လင်းပါကျေးရွာမှ ဒုက္ခသည်များ ယမန်နေ့ ညနေပိုင်းမှ စတင်၍ မန်ဝင်းကြီးသို့ စတင် ရောက်ရှိလာ သဖြင့် ၎င်းတို့စားဝတ်နေရေးအတွက် စီစဉ်ပေးနေရကြောင်း ကရုဏာအဖွဲ့မှကိုနော်ဒင်းက ပြောသည်။
ထိုစစ်ပြေးဒုက္ခသည်များ အချို့အား မန်ဝင်းကြီးရှိ နေအိမ်များ၊ ဘုရားကျောင်းများနှင့် တချို့ ဘောလုံး ကွင်းတွင် ယာယီတဲများ ဆောက်လုပ်ပေးနေရသည်ဟု ဆိုသည်။ ထိုဒုက္ခသည်များထဲတွင် ကျောင်းသူ ကျောင်းသား ၄၀၀ ခန့် ပါ၀င်ပြီး စုစုပေါင်း ၂,၀၀၀ ခန့်ရှိသည်ဟုလည်း ဆိုသည်။