လူနှစ်သိန်းကျော်အား တစ်ဦးလျှင်ပျမ်းမျှ ကျပ် ၁၉ သန်းကျော် ထုတ်ချေးထား

လူနှစ်သိန်းကျော်အား တစ်ဦးလျှင်ပျမ်းမျှ ကျပ် ၁၉ သန်းကျော် ထုတ်ချေးထား
by -
မဇ္ဈိမ

နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ဘဏ်များက ချေးငွေယူထားသူတစ်ဦးလျှင် ပျမ်းမျှ ၁၉ ဒသမ ၂၃ ကျပ်သန်း ထုတ်ချေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက နိုဝင်ဘာ ၁၃ ရက်တွင် ပြည်သူ့လွှတ်တော်၌ ပြောသည်။

၂၀၁၃ ဇွန်လ ၃၀ နေ့ထိ ဘဏ်ချေးငွေ လက်ကျန်စာရင်းဇယားများအရ နိုင်ငံပိုင်ဘဏ်များက ငွေချေးသူ ၂၃၅,၄၉၇ ဦးအား ချေးငွေကျပ် ၉၉၈ ဒသမ ၄၃ ဘီလီယံထုတ်ချေးထားပြီး ပုဂ္ဂလိကပိုင်ဘဏ်များက ၄၇,၂၂၁ ဦးအား ချေးငွေကျပ် ၄,၄၃၀ ဘီလီယံ၊ စုစုပေါင်း ငွေချေးသူ ၂၈၂,၇၁၈ ဦးအား ချေးငွေကျပ် ၅,၄၂၈ ဒသမ ၄ ဘီလီယံ ထုတ်ချေးထားသည်ဟု ရှင်းပြသည်။

ဒေါ်ခင်စောဦးက လုပ်ငန်းကဏ္ဍတိုးတက်ရေးအတွက် ငွေကြေးကဏ္ဍအနေဖြင့် နှစ်စဉ်ချေးငွေပမာဏကို တိုးမြှင့်ထုတ်ချေးထားသည်ဟု ပြောသည်။

နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကပိုင်ဘဏ်များမှ နှစ်စဉ်ဘဏ်ချေးငွေ ထုတ်ချေးထားမှု အခြေအနေအရ ၂၀၀၉ - ၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းချေးငွေကျပ် ၁,၁၁၅ ဒသမ ၅၁ ဘီလီယံ၊ ၂၀၁၀ -၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းချေးငွေကျပ် ၂,၀၈၀ ဒသမ ၅၄ ဘီလီယံ၊ ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာရေးနှစ် တွင် စုစုပေါင်းချေးငွေ ကျပ် ၃၇၃၃ ဒသမ ၄၅ ဘီလီယံ၊ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း ချေးငွေ ကျပ် ၅၃၃၅ ဒသမ ၂၅ ဘီလီယံ ထုတ်ချေးထားသည်။

ဘဏ်မှ ချေးယူသူအခြေအနေများအား ချေးငွေပမာဏ (သန်းဂဏန်း) လူအချိုးအစား၊ ချေးငွေပမာဏ အချိုးအစားတို့အားသိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့် မေးခွန်းအား ဖြေကြားခြင်းဖြစ်သည်။

ငွေချေးထားခြင်းများနှင့် ပတ်သက်၍ စီးပွားရေးနှင့် ဥပဒေလမ်းညွှန် ဦးတင်သန်းဦးက “မြန်မာဘဏ် ဥပဒေတွေ၊ မူဝါဒတွေအရ လုပ်ငန်းရှင်တွေအတွက် ချေးငွေရရှှိဖို့ ကြီးမားတဲ့ အခက်အခဲ၊ အဟန့်အတား တွေ ဖြစ်နေတုန်းပဲ၊ ဘဏ်တွေဘက်ကြည့်ရင်လည်း လုပ်ငန်းရှင်တွေရဲ့ ခိုင်မာမှုအားနည်းတဲ့ လုပ်ငန်း စဉ်တွေ၊ နည်းစနစ်တွေအရ နိုင်ငံတကာမှာလိုချေးငွေကို လွယ်လွယ်ထုတ်ချေးဖို့ ခက်နေတယ်” ဟု သုံးသပ်သည်။

Most read this week