ထိုင်းတွင် အကျဉ်းကျနေသော မြန်မာများ ထိုင်းဘုရင့်မွေးနေ့တွင် ပြန်လွှတ်ရန် တောင်းဆိုထား

ထိုင်းတွင် အကျဉ်းကျနေသော မြန်မာများ ထိုင်းဘုရင့်မွေးနေ့တွင် ပြန်လွှတ်ရန် တောင်းဆိုထား
by -
မဇ္ဈိမ

ထိုင်းနိုင်ငံတွင် အကျဉ်းကျနေသော မြန်မာနိုင်ငံသားများကို ဒီဇင်ဘာလ ၅ရက်တွင် ကျရောက်မည့် ထိုင်းဘုရင်မင်းမြတ် ဖူမိဖွန်အဒုလဒိစ် (King Bhumibol Adulyadej)၏ သက်တာ် ၈၆ နှစ်ပြည့် မွေးနေ့တွင် လွှတ်ငြိမ်းချမ်းသာခွင့်ပေးရန် မြန်မာအစိုးရက ထိုင်းအစိုးရအား တောင်းဆိုထားသည်ဟု ပြည်ထဲရေးဒု-ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က နိုဝင်ဘာလ ၁၁ရက် အောက်လွှတ်တော်တွင် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံတွင် အကျဉ်းကျနေသော ထိုင်းနိုင်ငံသားများနှင့် ထိုင်းနိုင်ငံရှိ မြန်မာအကျဉ်းသားများ လဲလှယ်ရန် နှစ်ဖက်အစိုးရ စာချုပ်ချုပ်ဆိုခြင်းရှိ၊ မရှိနှင့် ပတ်သက်၍ သင်္ကန်းကျွန်းမဲဆန္ဒနယ်မှ အောက်လွှတ်တော် အမတ် ဦးသိန်းညွှန့်က မေးမြန်းမှုကို ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ယင်းကဲ့သို့ ပြန်လည်ဖြေကြားခြင်းဖြစ် သည်။

ထိုင်းနိုင်ငံ၏ အစဉ်အလာအရ ဩဂုတ်လ ၁၂ ရက်တွင်ကျရောက်သည့် ထိုင်းမိဖုရားမွေးနေ့နှင့် ဒီဇင်ဘာ ၅ ရက်တွင် ကျရောက်သည့် ထိုင်းဘုရင်မွေးနေ့တို့တွင် အကျဉ်းသားများအား ပြစ်ဒဏ်လျှော့ ပေါ့ပေးခြင်းနှင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးလေ့ရှိသော်လည်း အောက်တိုဘာလ ၉ ရက်အထိ မြန်မာ အကျဉ်းသားများအား ပြန်လွတ်ပေးခြင်းမရှိကြောင်း လည်း ဒု-ဝန်ကြီးလွှတ်တော်သို့ရှင်းလင်းရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားအကျဉ်းသား နှစ်သောင်းခန့်ရှိသည်ဟု ထိုင်းရှိ မြန်မာအကျဉ်းသားများက ထိုင်းရှိ မြန်မာသံရုံးသို့ အကြောင်းကြားထားမှုများရှိပြီး ထိုင်းပြည်ထဲရေးဝန်ကြီးဌာနကမူလေးထောင်ဝန်း ကျင် ရှိသည်ဟု ထုတ်ပြန်ထားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးတင့်က ယခုနှစ် ဧပြီလအတွင်းက မဇ္ဈိမကို ပြောဆိုခဲ့ဖူးသည်။

ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားအကျဉ်းသား အများစုမှာ မူးယစ်ဆေးဝါးမှုများဖြင့် ကျခံနေရသူများဖြစ်ပြီး ထိုင်းနိုင်ငံ လွတ်ငြိမ်းချမ်းသာခွင့် ပေါ်လစီအရ မူးယစ်ဆေးဝါး ပြစ်မှုများဖြင့် ကျခံနေရသူများမှာ ဦးစားပေး စဉ်းစားခံရနိုင်ဖွယ် မရှိဘဲ၊အခြားပြစ်မှုဖြင့် အကျဉ်းကျ ခံနေရသူများသာ ပြစ်ဒဏ် လျှော့ပေါ့ခွင့်နှင့် လွတ်ငြိမ်း ချမ်းသာခွင့်များ ရနိုင်သည်ဟု ဦးမျိုးတင့်က ခန့်မှန်းပြောဆိုသည်။

Most read this week