ရဲတပ်ဖွဲ့အင်အား အလုံလောက်မရှိ အကြောင်းပြချက်ဖြင့် ရန်ကုန်တိုင်းအတွင်း ဘာသာရေးပွဲတော်များ ပြုလုပ်ရာတွင် လုံခြံုရေးအင်အားတိုးမြှင့် ချထားပေးနိုင်မည်မဟုတ်ဟု ရန်ကုန်တိုင်း လုံခြံုရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဦးတင်ဝင်းက နိုဝင်ဘာ ၅ ရက် တိုင်းလွှတ်တော်အစည်းအဝေးတွင် ပြောကြားလိုက်သည်။
“ရန်ကုန်တိုင်း နေရာအနှ့ံအပြားမှာရှိတဲ့ ဗုဒ္ဓပူဇနိယပွဲတော်များ တစ်ခြားပွဲတော်များနှင့် ပတ်သက်ပြီးတော့ မှ လုံခြံုရေးကို ကျွန်တော်တို့ တပ်ရင်း အင်အားနဲ့ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါဘူး” ဟု ဦးတင်ဝင်းကပြော သည်။
ခရမ်းမြို့နယ်မှ တိုင်းလွှတ်တော်အမတ် ဦးမြင့်ဦးက “ဗုဒ္ဓပူဇနိယ ပွဲတော်များ ပြုလုပ်သည့်အခါ ရဲတပ်ဖွဲ့မှ လုံခြံုရေးအင်အားဖြည့်ပေးရန်ရှိမရှိ” မေးခွန်းထုတ်မှုအပေါ် ဦးတင်ဝင်းက အဖြေပေးခြင်းဖြစ်သည်။
လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးတင်ဝင်းနှင့်ဦးမြင့်ဦးတို့ အောက်တိုဘာ ၂၃ ရက်ကတွေ့ဆုံစဉ် ရန် ကုန်တိုင်းအ တွင်းရှိ ဘာသာရေးပွဲတော်များ ကျင်းပသည့်အခါ လုံခြံုရေးတာဝန်ယူနိုင်မှသာ ကျင်းပကြရန် ပြောဆိုမှုအပေါ် ထောက်ပြပြောဆိုသွားသေးသည်။
“မိမိဘာသာ ဆောင်ရွက်ကြ၊ လုပ်နိုင်မှလုပ်ကြဟု ပြောနေခြင်းမှာ လွန်စွာနားလည်ရခက်ပါတယ်” ဟု ဦးမြင့်ဦးက ပြောသည်။
လက်ရှိရန်ကုန်တိုင်းရဲတပ်ဖွဲ့အင်အားမှာ တိုင်းအတွင်းရှိ လူဦးရေ ၁၁၃၇ ဦးတွင် ရဲတပ်ဖွဲ့တစ်ယောက်နှုန်း သာရှိသည်ဟုလည်း ဦးတင်ဝင်းက လွှတ်တော်တွင် ပြောဆိုသွားခဲ့သည်။
ထို့ကြောင့် ဘာသာရေးပွဲများ ကျင်းပသည့်အခါ ဂေါပကများအနေဖြင့် သက်ဆိုင်ရာမြို့နယ်များမှ အုပ်ချုပ်ရေး မှူးများ၊ ရပ်မိရပ်ဖများ၊ မြို့နယ်ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းပြီးသာ ဆောင်ရွက်ကြရန်ဟု လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အောက်တိုဘာ ၂၃ ရက် ဘုရားဂေါပကများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို အဓိကရုဏ်းနှိမ်နှင်းရေးနှင့် စွမ်းရည်မြှင့် သတင်းတန်းများကို ရန်ကုန်မြို့ မင်္ဂလာဒုံရဲတပ်ရင်း ၈ တွင် ဥရောပသမဂ္ဂမှ သင်တန်းပို့ချပေးလျက်ရှိသည်။