ခိုင်မာသည့်ငြိမ်းချမ်းရေးမူဝါဒများ မချမှတ်သေးမီ စီးပွားလုပ်ငန်းများ အကောင်အထည်ဖော်နေခြင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရဟုဆို

ခိုင်မာသည့်ငြိမ်းချမ်းရေးမူဝါဒများ မချမှတ်သေးမီ စီးပွားလုပ်ငန်းများ အကောင်အထည်ဖော်နေခြင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရဟုဆို
by -
မဇ္ဈိမ

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ခိုင်မာသည့်ငြိမ်းချမ်းရေး မူဝါဒများ မချမှတ်သေးဘဲ စီးပွားရေးလုပ်ငန်းများ အကောင်အထည် ဖော်နေခြင်းသည် လက်နက်ကိုင်တိုင်းရင်းသားများ၏ ထိန်းချုပ်နယ်မြေမှ တိုင်းရင်းသားများအတွက် နစ်နာမှုများရှိသည်ဟု နယ်စပ်အကူအညီပေးရေး ညွန့်ပေါင်းအဖွဲ့မှ မြန်မာပြည်တာဝန်ခံ ဒေါ်နီလာမြိုင်က နိုဝင်ဘာ ၃ရက်တွင် မဇ္ဈိမကို ပြောသည်။

“တိုင်းရင်းသားကျေးရွာတွေမှာ လာရောက်ပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ကြတယ်။ အစိုးရဘက်ကရော လက်နက်ကိုင်တွေဘက်ကပါလာပြီး ရင်းနှီးမြှုပ်နှံတဲ့အခါ၊ လယ်ယာမြေသိမ်းခံရတာတို့အပြင် အခြားလူ့ အခွင့်ရေးချိုးဖောက်မှုများကို ဘယ်သူက တာဝန်ယူမလဲ၊ အစိုးရကလား လက်နက်ကိုင်ကလား ဒီလိုမျိုး ပြသနာတွေဟာ နှစ်ဖက်အဖွဲ့ကြားမှာ နေထိုင်ရတဲ့ တိုင်းရင်းသားတွေ ခံစားနေရတယ်၊ အစိုးရနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကြားတိကျတဲ့ မူဝါဒတစ်ခုကို ချမှတ်နိုင်မှသာ စီးပွားရေးလုပ်ငန်းတွေ ၊သယံဇာတတူးဖော်မှုတွေကို အကောင်အထည် ဖော်သင့်တယ်” ဟု သူက ဆက် ပြောသည်။

ကချင်ပြည်နယ်အတွင်းရှိ ရွှေတူးဖော်သည့်လုပ်ကွက်တစ်ခုကို တွေ့ရစဉ်။ ငြိမ်းချမ်းရေးမူဝါဒများမချမှတ်နိုင်သေးဘဲ လက်နက်ကိုင် တိုင်းရင်းသားများ ထိန်းချုပ်နယ်မြေအတွင်း စီးပွားရေးလုပ်ငန်းများလုပ်ဆောင်နေခြင်းသည် ယင်းဒေသမှ တိုင်းရင်းသားများ အတွက် နစ်နာမှုများရှိနေသည်ဟု ဆိုသည်။ (ဓာတ်ပုံ - မဇ္စျိမ)

နယ်စပ်အကူအညီပေးရေး ညွန့် ပေါင်းအဖွဲ့ The Border Consortium (TBC) မှ နိုဝင်ဘာ ၁ ရက်ထုတ် ပြန်ချက်တွင်လည်း အစိုးရနှင့်လက်နက်ကိုင် တိုင်းရင်းသားများကြားရှိ ငြိမ်းချမ်းရေး သဘောတူညီချက် များ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများ၏ ပဋိပက္ခဒေသများတွင် စည်းမျဉ်းဥပဒေများ တိကျစွာ မသတ်မှတ်ဘဲ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေခြင်းကြောင့် နစ်နာမှုများဖြစ်နိုင်သည့် အခြေအနေ များကို ဖော်ပြထားသည်။

TBC၏ အမှုဆောင်ညွှန်ကြားရေးမှူး ဆယ်လီသွန်(မ်)ဆင်က “အပစ်အခတ် ရပ်စဲရေး သဘောတူညီ ချက်များဟာ လယ်သမားတွေ စားနပ်ရိက္ခာဖူလုံစေဖို့ လယ်ယာမြေတွေကို သွားလာစေနိုင်၊ စျေးကွက်ကို တင်သွင်းရောင်းချစေနိုင်တဲ့ အခြေအနေကို ဖန်တီးပေးခဲ့သလိုဘဲ သယံဇာတတွေကို ထုတ်ယူမှုတွေ ကြောင့် မြေယာတွေ အသိမ်းခံရတာကိုလည်း ဖြစ်စေခဲ့ပါတယ်” ဟု ယင်းထုတ်ပြန်ချက်တွက် ဖော်ပြ ထားသည်။

နယ်စပ်အကူအညီပေးရေးညွန့်ပေါင်း အဖွဲ့(TBC) နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၁ ဖွဲ့တို့ ပူးပေါင်းပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုရှိ ရွာပေါင်း ၂၀၉ ရွာတွင် စစ်တမ်းကောက်ယူကာ ထိုသို့ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

“စစ်တမ်းကောက်ယူတဲ့ ကျေးရွာတွေက တစ်ခုနဲ့တစ်ခု အခွင့်အရေး ဆုံးရှုံးတာချင်း မတူညီဘူး။ ဒါပေမဲ့ သူတို့ရဲ့ နစ်နာမှုတွေကို ဘယ်သူဖြေရှင်းပေးမလဲဆိုတာ အာမခံတဲ့ ကာကွယ်တဲ့အဖွဲ့ မရှိတာတော့ တူညီတယ်” ဟု ဒေါ်နီလာမြိုင်က ပြောသည်။

စစ်တမ်းကောက်သည့် ရွာများအနက် တစ်ဝက်နီးပါးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စီမံအုပ်ချုပ် သည့်ရွာများ ဖြစ်ပါသည်ဟုလည်း TBC ၏ ထုတ်ပြန်ချက်တွင် ပါ၀င်သည်။

အလားတူပင် တိုင်းရင်းသားဒေသများနှင့် ဗဟိုအစိုးရအဖွဲ့အစည်းအကြား စီးပွားရေးလုပ်ငန်းများ၏ အကျိုးရပိုင်ခွင့် ခွဲဝေရမည်ဆိုသည့် အချက်မှာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါ၀င်သော်လည်း မည်သည့်အချိုးဖြင့် ခွဲဝေရမည်ဆိုခြင်းမှာ တိကျစွာဖော်ပြထားခြင်း မရှိခြင်းကလည်း ပဋိပက္ခပြဿနာများ ကို ဖြစ်ပွားနေစေသည့် အချက်ဖြစ်ကြောင်း ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာသူများက ထောက်ပြပြောဆို ထားသည်။

အကျိုးအမြတ် ခွဲဝေမှုဆိုင်ရာ အငြင်းပွားဖွယ်ရှိသည့် စီးပွားရေးစီမံကိန်းများအား ပြည်တွင်းငြိမ်းချမ်းရေး ပြည့်ဝစွာ မရရှိသေးသည့် ကာလများအတွင်း အတတ်နိုင်ဆုံး ရပ်ဆိုင်းထားသင့်ကြောင်း မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာသူများကလည်း ငြိမ်းချမ်းရေးနှင့် ပဋိပက္ခစစ်ပွဲများဆိုင်ရာ မြန်မာ့စီးပွားရေးအခြေအနေ အစီရင်ခံစာအား မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာသူများက အောက်တိုဘာ ၂၈ ရက်ကထုတ်ပြန်ထား သေးသည်။