တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လိုင်ဇာဆွေးနွေးပွဲကို လိုင်ဇာမြို့တွင် အောက်တိုဘာ ၃၀ က စတင်ခဲ့ပြီး ယင်းဆွေးနွေးပွဲ၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ဘုံ သဘောတူညီချက်ရရှိရန် ဆွေးနွေးနေပြီဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များညီလာခံ (Ethnic Armed Organizations Conference) တွင် ပထမနေ့၌ မိတ်ဆက်ခြင်း၊ တစ်ဖွဲ့ချင်းခေါင်းဆောင်များ၏ သဘောထားများ တင်ပြခဲ့ကြသည်ဟုအစည်း အဝေးတက်ရောက်ခဲ့သူ KIO အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။
KIA ဒု-ဗိုလ်ချုပ်ကြီး အင်ဘန်လက ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ KNU ကိုယ်စား တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး၏လုပ်ဆောင်ချက်များကို ရှင်းလင်းခဲ့ပြီး KNU ဥက္ကဌ ဗိုလ်ချုပ် မူစေးထူးက KNU ၏ သဘောထားကိုတင်ပြခဲ့သည်ဟု သိရသည်။
“သူက ကေအိုင်အိုလို မဟုတ်ဘူး။ တိုင်းရင်းသားတွေကိုယ်စားပြောတယ် ပြဿနာကပင်လုံကနေစ တယ်။ ၆၁၊ ၆၂ ပြောင်းလဲချိန်မှာ တချို့ဖမ်းခံရတယ်။ တချို့လက်နက်ပြန်ကိုင်တယ်။ အခုလည်း ကိုယ် ပိုင်အုပ်ချုပ် ရေးမူဆိုပြီး အမျိုးမျိုးလုပ်လာမှာကို စိုးရိမ်ရတယ်ဆိုတာတွေ ပြောသွားတယ်” ဟု ဦးဒွဲပီဆား ကဆိုသည်။
KIO ဥက္ကဋ္ဌ ဦးဇောင်းခရားက နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရန် စတင်လိုက်သောလုပ်ငန်းစဉ်များ ချမှတ် နိုင်ရန် ညီလာခံကျင်းပရခြင်းဖြစ်ကြောင်း တိုင်းရင်းသားများ၏လိုလားချက်များနှင့် အမြင်သဘောထား များကို စုစည်း၍ဘုံသဘောတူညီချက်ချမှတ်နိုင်မည်ဟု မျှော်လင့်ကြောင်း သဘာပတိမိန့်ခွန်းတွင် ပြော ဆိုခဲ့သည်။
ယင်းဆွေးနွေးပွဲတွင် UNFC အဖွဲ့ဝင်များဖြစ်သော KNU, KNPP, SSPP, SSA, NMSP, WNO, PSLF/ TNLA, PNLO, CNF, ALP များနှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သော DKBA, RCSS/ SSA အဖွဲ့အစည်းများမှ ခေါင်းဆောင်များစုစုပေါင်း ၁၀၀ ကျော် တက်ရောက်နေခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ချက်များ၊ သဘောတူညီချက်များနှင့်ရှေ့တွင် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များချမှတ်ခြင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ငြိမ်း ချမ်းရေး ပြန်လည်ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲခြင်း သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရန်၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ချမှတ်နိုင်ရန် နှင့် နိုင်ငံရေးဆွေးနွေးမှုဖြင့် ငြိမ်းချမ်း ရေးတည်ဆောက်ရန်တို့အတွက် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါသည်ဟုလည်း နိုင်ငံတော် သမ္မတက သဝဏ်လွှာပေးပို့ခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ညီလာခံကို အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၁ ရက်အထိ ကေအိုင်အိုဌာနချုပ် လိုင်ဇာတွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။
လိုင်ဇာတွင် တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေးနေချိန်အတွင်း မန်စီမြို့နယ် ကောင်ဂျာကျေးရွာအနီး KIA တပ်မဟာ ၃ လက်အောက်ခံတပ်ရင်း ၁၂ နှင့် အစိုးရစစ်တပ်ဖွဲ့တို့ယနေ့ ည နေ ၄ နာရီခွဲမှစတင်၍ (မဇ္ဈိမက ဖုန်းခေါ် ဆိုချိန် ၅ နာရီအထိ) တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည်ဟု တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူးဂျွန်းအောင်က ပြောသည်။