အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၃ ခုနှစ် နို၀င်ဘာတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက်ပိုင်းတွင် နိုင်ငံရေးဆွေးနွေးပွဲ (Political Dialogue) ဆက်မလုပ်နိုင် ပါက ပဋိပက္ခများ ပြန်လည်ဖြစ်ပွားရန် ၆၅ ရာခိုင်နှုန်းရှိသည်ဟု ယူဆရကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ နည်းပညာအထာက်အကူပြုအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောသည်။
ဦးလှမောင်ရွှေက အောက်တိုဘာလ၂၄ရက်က လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပန်ဒါဟိုတယ်တွင် ပြုလုပ်သည့် ခြောက်ကြိမ်မြောက် ငြိမ်းချမ်းရေးဆိုင်ရာ အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများဖိုရမ်တွင် ယင်းကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။
“နိုင်ငံရေးအရ ဆွေးနွေးမှုတွေ ထပ်လုပ်ရမယ်။ မဟုတ်ရင်တော့ အရင်ကဖြစ်ခဲ့တဲ့ ပဋိပက္ခမျိုးတွေ ၆၅ ရာခိုင်နှုန်းလောက်က ပြန်ပြီးဖြစ်သွားနိုင်တယ်လို့ ကျွန်တော် တွက်ချက်ကြည့်ထားတယ်။ နောက်ပိုင်းတွေ မှာ ထပ်ပြီး အခြေခံ စည်းမျဉ်းစည်းကမ်းဆိုင်ရာ မူဘောင်တွေကို ရေးဆွဲမယ့် အစည်းအဝေးကို ထပ်ပြီး ဆွေးနွေးရမယ်။ အဲ့ဒါကိုတော့ ၂၀၁၄ ညီလာခံမှာ ဖြစ်လာဖို့လည်း မျှော်မှန်းထားတယ်”ဟု ဦးလှမောင် ရွှေက ပြောသည်။
တိုင်းရင်းသားခေါင်းဆောင်များနှင့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးရန် အောက်တိုဘာလ ၂၉ ရက်မှ ၃၁ ရက်အထိ ကချင်ပြည်နယ် လိုင်ဇာမြို့၌ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကိုပြုလုပ်ပြီး နိုဝင်ဘာ ၃ ရက်တွင်လည်း ပြန်လည် တွေ့ဆုံဆွေးနွေးရန် ရှိသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နှင့် ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ်ရေးထိုးခဲ့ပြီး ဆွေးနွေးပွဲပေါင်း ၁၃၀ ကျော် ပြုလုပ်ပြီးဖြစ်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်မှတ်ရေးထိုးခြင်းသည် တည်မြဲမှုမရှိနိုင်ဘဲ နိုင်ငံရေးဆွေးနွေးပွဲအထိ သွားနိုင်မှသာ ရှေ့လုပ်ငန်းစဉ်များကို ဆက်လက် သွားနိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးဆွေးနွေးပွဲ မပြုလုပ်နိုင်ပါက လက်နက်ပြန်လည်ကိုင်ကာ ပဋိပက္ခများသို့ နောက်ပြန်လှည့်နိုင်သည်ဟု မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဋ္ဌ နိုင်ငွေသိန်းက သုံးသပ် ပြောဆိုသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ နည်းပညာအထောက်အကူပြုအဖွဲ့ဝင် ဦးအောင်နိုင်ဦးက “တချို့ကျတော့လည်း အခု တစ်တိုင်းပြည်လုံးအပစ်ရပ်စဲရေး လက်မှတ်ထိုးပြီးရင် နိုင်ငံရေးဆွေးနွေးပွဲက လုပ်စရာလိုသေးလို့လား ဆွေးနွေးစရာ လိုသေးလို့လားလို့ ပြောပါလိမ့်မယ်။တကယ်တော့ ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးပွဲဆိုတာက အခု နိုဝင်ဘာမှ လတ်မှတ်ထိုးပြီးနောက်ပိုင်းမှာမှ စပြီး ဖွင့်လှစ်လိုက် သလို ဖြစ်လာမှာပါ။ လက်မှတ်ထိုးလိုက်ရုံနဲ့ တိုက်ပွဲတွေက ရပ်မသွားနိုင်ဘူး၊ ပိုပြီး ခိုင်မာအောင် လုပ်ရမယ်” ဟု ပြောသည်။
သမ္မတဦးသိန်းစိန် အစိုးရသစ်တက်လာပြီးနောက်ပိုင်း နှစ် ၂၀ ကျော်ဖြစ်ပွားပြီး နောက်ပိုင်းတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို သမ္မတက စတင် ဖိတ်ခေါ်ခဲ့သည်။ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ကရင်အမျိုးသား အစည်းအရုံး KNU တို့ ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံပြီး နို၀င်ဘာလတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ငါးဖွဲ့နှင့် ထိုင်းနိုင်ငံတွင် တွေ့ဆုံခဲ့သည်။
ထိုမှတစ်ဆင့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် RCSS နှင့် ပြည်နယ်အဆင့် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် KNU၊ ချင်းအမျိုးသားတပ်ဦး (CNF)တို့နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လတွင် မွန်ပြည်သစ်ပါတီနှင့် ကရင်နီအမျိုးသားတိုးတတ်ရေးပါတီ (KNPP)နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးမှု ဆက်လက် လုပ်ဆောင်နိုင်ခဲ့သည်။