ဖွဲ့စည်းပုံပြင်ရန် ရှမ်းမြောက်ပိုင်းတွင် ခရိုင်သုံးခုသဘောတူ

ဖွဲ့စည်းပုံပြင်ရန် ရှမ်းမြောက်ပိုင်းတွင် ခရိုင်သုံးခုသဘောတူ
by -
မဇ္ဈိမ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ အသစ်ရေးဆွဲရေးနှင့် ပတ်သက်သည့် သဘောထားအမြင်များကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းနှင့်ပြည်နယ်များ၌ လိုက်လံကောက်ယူရာ ရှမ်းမြောက်ပိုင်းခရိုင် သုံးခုတွင် ပြင်ဆင်ရန် သဘောတူကြောင်း NLD ဗဟို အလုပ်မှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန်က အောက်တိုဘာ၂၂ တွင် ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီး ပြည်သူများကို ရှင်းလင်းပေးခြင်း၊ သဘောထားအမြင်ကောက်ခံ ခြင်း များကို NLD က အောက်တိုဘာ ဒုတိယအပတ်အတွင်းတွင် တိုင်းနှင့် ပြည်နယ်အသီးသီး၌စတင် ကောက်ခံခဲ့ရာ လက်ရှိ ကောက်ခံရသည့် အခြေအနေမှာ ပြင်ဆင်ရန် ရာခိုင်နှုန်း ပိုများနေသည်ဟု လည်း NLD မှ သိရသည်။

ဦးထွန်းထွန်းဟိန်က “ပြင်ဆင်မယ်ဆိုရင် ဘယ်လို ကျေးဇူးတွေရှိတယ်။  အသစ်ရေးမယ်ဆိုရင် ဘယ်လို ကျေးဇူးတွေရှိတယ်။ ဒါတွေကို ရှင်းပြ ပါတယ်။ ပြည်သူက ပြင်မယ်ဆိုတဲ့ သဘောထား ပေးပါတယ်”ဟု ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ယင်းသို့ ကောက်ခံခြင်းကို အောက်တိုဘာလကုန် ခန့်တွင် အပြီး ကောက်ခံသွားမည်ဖြစ်ပြီး နိုဝင်ဘာတွင် အဖွဲ့ဝင် ၁၀၉ ဦးပါ၀င်သော လွှတ်တော်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ပူးပေါင်းလေ့လာရေးကော်မတီသို့ ဆက်လက် တင်ပြသွားမည် ဖြစ်သည်။

ရှမ်းပြည်နယ် ၁၃ ခရိုင်တွင် ၁၀ ခရိုင်ကို ဆက်လက်ရှင်းလင်းသွားနိုင်မည်ဖြစ်ပြီး လောလောဆယ်တွင် ခရိုင်သုံးခုကို ရှင်းလင်းချပြပြီးဖြစ်ကြောင်းလည်း ဦးထွန်းထွန်းဟိန်က ပြောသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍လည်း ၎င်းက “လက်တွေ့ကျသည့် ပြင်ဆင်နိုင်သည့် ပြဋ္ဌာန်းချက်များ ကို ပြင်ဆင်မယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်သည့် ကိစ္စတွေ၊ ပြောင်းလဲမှု အရှိန်အဟုန်ကို တုံ့နှေးသွားစေနိုင်တဲ့ ပြဋ္ဌာန်းချက်များကို ပြင်မယ်”ဟု မဇိ်္စျမကို ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ NLD မှ သဘောထားကောက်ယူမှုများကို မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်းတို့တွင် ကောက်ယူပြီးဖြစ်ရာ ပြင်ဆင်ရေးအား ထောက်ခံသူ ၈၀ ရာခိုင်နှုန်းနှင့် ၉၀ ရာခိုင်နှုန်းအကြား ရှိသည်။ အသစ်ရေးဆွဲရန် ဆန္ဒပေးသူမှာ ၂၀ ရာ ခိုင်နှုန်းခန့်သာ ရှိသည်ဟု သိရသည်။

ဆန္ဒလိုက်လံကောက်ယူရာတွင် ကွင်းဆင်းတာဝန်ယူ ကောက်ယူသူများက ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ် ကိုယ်စားလှယ်များအား ဖွဲ့စည်းပုံနှင့်ပတ်သက်၍ ပြည်သူများအား အခြေခံဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းမှုများ ပြုလုပ်ကာ သဘောဆန္ဒ ရယူခြင်းဖြစ်သည်။

ထို့အတူ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် အောက်တိုဘာလ၂၂ ရက်၌ သဘောထားအမြင်များ ဆက်လက် ကောက်ယူခဲ့ပြီး ကချင်ပြည်နယ်တွင်လည်း အောက်တိုဘာလ ၂၇ ရက်တွင် ကောက်ယူမည်ဖြစ် သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ တွင် ဖွဲ့စည်းပုံရှိ အခန်းအချို့မှ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင်ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ရ၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက်ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဖြစ်သည်။

ယင်းအပြင် အချို့ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ရ၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် ပြင်ဆင်ရမည်။

Most read this week