အမျိုးသမီးများကွန်ရက်၏ တတိယအကြိမ် ကော်မတီဝင်အသစ် ရွေးချယ်ပွဲကျင်းပမည်

အမျိုးသမီးများကွန်ရက်၏ တတိယအကြိမ် ကော်မတီဝင်အသစ် ရွေးချယ်ပွဲကျင်းပမည်
by -
မဇ္ဈိမ

အမျိုးသမီးအဖွဲ့များကွန်ရက် (မြန်မာ) ၏ တတိယအကြိမ်မြောက် ကော်မတီဝင်အသစ် ရွေးချယ်သည့် အခမ်းအနား အား အောက်တိုဘာ ၃၁ ရက်တွင် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပမည်ဖြစ်သည်။

အဆိုပါအခမ်းအနားသည် အမျိုးသမီးအဖွဲ့များကွန်ရက် (မြန်မာ) “Women’s Organization Network  ၏ နှစ်နှစ် တစ်ကြိမ် အမျိုးသမီးကော်မတီဝင် ရွေးချယ်ပွဲနှင့် အမျိုးသမီးထူးချွန်ဆု ချီးမြှင့်ပွဲကို ကျင်းပမည် ဖြစ်သည်။

“အမျိုးသမီးအဖွဲ့အစည်း ကွန်ရက်ပေါင်း ၃၀ မှ တစ်ဖွဲ့ချင်း တစ်ဖွဲ့ချင်းစီက တင်မြှောက်လိုက်တဲ့ အမျိုးသမီးတွေကို စုပြီး မဲစနစ်နဲ့ ၁၂ ယောက် ရွေးချယ်မယ်၊ အဲဒီ ၁၂ ယောက်ကို အသစ်ထပ်မံ ခန့်ထားမယ်” ဟု ကရင်အမျိုးသမီး ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့၏ ဒါရိုက်တာ နော်စူဆန်နာလှလှစိုးက ပြောသည်။

ထို့အပြင် အမျိုးသမီးအရေးတွင် ထူးချွန်ပြီး ထူးထူးခြားခြား ဆောင်ရွက် လုပ်ဆောင်ခဲ့သည့် အမျိုးသမီး ခြောက်ဦးအား ဆုပေးပွဲ ကျင်းပသွားမည်ဟု ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ ဒါရိုက်တာနော် စူဆန်နာလှလှစိုးက ပြော သည်။

ဆုများအဖြစ် ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဘက်မလိုက်၍ တရားမျှတမှုရရှိအောင် ဆောင်ရွက်ခဲ့သည့်အတွက် (အမှန်တရားအားမြတ်နိုးသူ အမျိုသမီးဆု)၊ ဂုဏ်ရှိန်မြှင့် ကုမ္ပဏီပိုင်ရှင် ဒေါ်ကေသီဝင်းအား လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး မိမိကိုယ်ပိုင်ငွေဖြင့် အမျိုးသမီးများ၏ ကျန်းမာရေးကို အဓိကထား လှုပ်ရှားခဲ့သည့်အတွက် (လူမှုရေးထူးချွန်ဆု) ချီးမြှင့်မည်ဖြစ်သည်။

ထို့အပြင် အမေ့စွမ်းရည် မဂ္ဂဇင်းမှ ဒေါ်ပြည့်ဖြိုးလတ်ဟန်အား အမျိုသမီးများအား မီဒီယာတွင် ဖော်ပြနိုင်သည့်ဆု၊ NLD ပါတီမှ ဒေါ်ခင်မိမိခိုင်အား လယ်သမားအရေးနှင့် အလုပ်သမားကိစ္စများတွင် ဥပဒေသင် တန်းပေး၍ လယ်သမားများ၏ နစ်နာသမျှအား ရှေ့ကဦးဆောင် ဆောင်ရွက်သည့်အတွက် (အမျိုးသမီး သတ္တိရှင်ဆု)များ ပေးအပ်မည်ဖြစ်သည်။

Colourful Girl အဖွဲ့မှ ညှိနိုင်းရေးမှူး ဒေါ်နန့်သဇင်မင်းအား အမျိုးသမီးဖွံ့ဖြိုးရေးထူးချွန်ဆုနှင့် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါ်ညိုညိုသင်းအား အမျိုးသမီးကာကွယ်သည့် ဥပဒေ ပေါ်ထွန်းရေး အမျိုးသမီး Gender Equality Network နှင့် အခြားသော အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်သည့် နိုင်ငံရေးအပိုင်းတွင်လည်း ထူးချွန်ထက်မြက် သည့်အတွက်(အမျိုးသမီး နိုင်ငံရေးထူးချွန်ဆု)တို့ကို အသီးသီး ပေးအပ်မည်။

Women’s Organization Network အဖွဲ့အား စတင်ဖွဲ့စည်းခဲ့သည်မှာ ငါးနှစ်ကျော်ပြီဖြစ်ကာ နှစ်နှစ် တစ်ကြိမ်ကော်မတီဝင်အသစ် ထပ်မံရွေးချယ်လေ့ရှိပြီး ယခုအကြိမ် ရွေးချယ်ပွဲမှာ တတိယအကြိမ်မြောက် ဖြစ်သည်။

Most read this week