ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ အကောင်အထည်ဖော် ဆောင်ရွက်နေသော ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသားရေးရာဝန်ကြီးများ ပါ၀င်ဆောင်ရွက်ခွင့် ရရှိနိုင်မည်ဟု ကော်မတီဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ကတိပေးခဲ့ကြောင်း တိုင်းရင်းသားရေးရာဝန်ကြီးများက ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ယင်းသို့ ပြောကြားခြင်းမှာ တိုင်းရင်းသားရေးရာ ၀န်ကြီးများနှင့် အောက်တိုဘာ ၁၈ရက်တွင် နေပြည်တော်ရှိ သမ္မတရုံးအစည်းအဝေးခန်းမတွင် တွေ့ဆုံစဉ်က ဖြစ်သည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းနှင့် အပစ်အခတ်ရပ်စဲရေးတွင် တိုင်းရင်းသားရေးရာဝန်ကြီးများ၏ ပါ၀င်မှုအခန်းကဏ္ဍ မှေးမှိန်လျက် ရှိနေသည့်အတွက် တိုင်းရင်းသားရေးရာဝန်ကြီးများက ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ဆွေးနွေးခြင်းနှင့်ပတ်သက်ပြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကျော်သိန်းက “ပြည်နယ် တစ်ခုလုံး က တိုင်းရင်းသားတွေ ကိုယ်စားပြုထားတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးတွေကို တာဝန်ခွဲ ဝေပေးထားမယ်ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးမှုရလဒ်တွေ ပိုပြီးအောင်မြင်မှုရလာမှာပါ”ဟု ပြောသည်။
ယင်းအပြင် တိုင်းရင်းသားများပါ၀င်သော ညီလာခံကို ကျင်းပရန်လည်း စီစဉ်နေရာ အဆိုပါညီလာခံတွင် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ၏ အခန်းကဏ္ဍ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အခန်းကဏ္ဍ၊ တိုင်းရင်းသားပါတီများ၏ အခန်းကဏ္ဍများအတွက် ဆွေးနွေးသွားမည် ဖြစ်သည် ဟုလည်း တိုင်းရင်းသားရေးရာဝန်ကြီးများက ပြောသည်။
ယင်းညီလာခံတွင်ပါ၀င်မည့် မူဘောင်များကို ဧပြီလအတွင်း ပြုလုပ်ရေးဆွဲရန် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ တိုင်းရင်းသားရေးရာဝန်ကြီးများကို တာဝန်ခွဲဝေပေးသွားမည်ဖြစ်သည်ဟုလည်း ဦးအောင်မင်းက ပြောကြား ခဲ့သည်ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သူ မွန်တိုင်းရင်းသားရေးရာဝန်ကြီး နိုင်ချစ်ဦးက ပြောသည်။
၎င်းက “အပစ်ခတ်ရပ်စဲရေး အကောင်အထည်ဖော်တဲ့ အခန်းကဏ္ဍမှာ တိုင်းရင်းသားရေးရာဝန်ကြီးတွေကို ပါ၀င်ခွင့်ပြု မယ်လို့ ဦးအောင်မင်းဘက်က ကတိပေးခဲ့တယ်။ ဒုတိယ ပင်လုံညီလာခံမှာ ဆွေးနွေးသွား ဖို့အတွက် မူဘောင်တွေကို တိုင်းရင်းသားရေးရာဝန်ကြီးတွေဆီက အကြံပေးချက်တွေကို ရယူသွားမယ် လို့ ပြောထားတယ်” ဟု ပြောသည်။
အဆိုပါဆွေးနွေးပွဲသို့ သမ္မတရုံးဝန်ကြီး ဦးလှထွန်း၊ ဦးအောင်မင်းနှင့် အခြား တာဝန်ရှိသူများနှင့် တိုင်းရင်း သားရေးရာ ၀န်ကြီး ၂၉ ဦး တက်ရောက်ခဲ့သည်။