သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများ လာမည့်အောက်တိုဘာ ၁၈ ရက်တွင် နေပြည်တော်ရှိ သမ္မတရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံမည်ဖြစ်သည်ဟု ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးအောင်ကျော်သိန်းက မဇ္စျိမကို ပြောသည်။
ယင်းသို့ တွေ့ဆုံရာတွင် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားအခွင့်အရေးများနှင့် ပတ်သက်ပြီး ပြောကြားမည် ဖြစ်ကာ အဆိုပါ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် ဆွေးနွေးမှုများကို သမ္မတထံ ပြန်လည် တင်ပြသွား မည်ဖြစ်သည်ဟုလည်း ဦးအောင်ကျော်သိန်းက ပြောသည်။
တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦးနှင့် သမ္မတရုံးပြည်ထောင်စုဝန်ကြီးတို့ တွေ့ဆုံရာတွင် တိုင်းရင်းသားတို့၏ ဒေသတွင်း အခက်အခဲများနှင့်ပတ်သက်ပြီးလည်း ဆွေးနွေးကြမည်ဖြစ်သည်ဟု တိုင်းရင်းသားရေးရာဝန်ကြီး အချို့က မဇ္စျိမကိုပြောသည်။
ယင်းသို့ သမ္မတရုံးဝန်ကြီးနှင့် တွေ့ဆုံမှုအပြင် နိုင်ငံတော်သမ္မတနှင့်လည်း တွေ့ဆုံနိုင်ဖွယ်ရှိကာ သမ္မတက တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တစ်နှစ်လျှင် နှစ်ကြိမ်ခန့် တွေ့ဆုံမည်ဟု ပြောကြားထားကြောင်းလည်း ၀န်ကြီးများက ပြောသည်။
ဦးအောင်ကျော်သိန်းက “တိုင်းရင်းသားရေးရာဝန်ကြီးတွေနဲ့ တစ်နှစ်ကို နှစ်ခါလောက် တွေ့ဆုံသွားမယ်လို့ သမ္မတကြီး က ကတိပေးထားတာရှိတယ်။ သမ္မတကြီးနဲ့ တိုက်ရိုက် တွေ့ဆုံခွင့်ရမယ်ဆိုရင် တွေ့ဆုံ ဆွေးနွေးပွဲက နှစ်ရက် ဖြစ် သွားမယ်”ဟု ပြောသည်။
တွေ့ဆုံဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်၍လည်း မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုင်ချစ်ဦးက တိုင်းရင်းသားပြည်နယ်များတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရန်၊ တိုင်းရင်းသားနယ်မြေများမှ ထွက်ရှိသည့် သဘာဝ သယံဇာတများကို ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်အသုံးပြုခွင့် ရရန်နှင့် သယံဇာတများကို နယ်မြေ အတွင်းရှိ ဒေသခံများကို ခံစားခွင့်ပြုရန်ကို ဆွေးနွေးသွားမည်ဖြစ်သည်ဟုလည်း မဇ္စျိမကို ပြောကြားခဲ့သည်။
၎င်းက “တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားဖို့ရှိတယ်။ ဥပဒေမှာ တိုင်းရင်းသားတွေရဲ့စာပေယဉ်ကျေးမှုလောက်ပဲ အများဆုံး ထည့်သွင်းရေးဆွဲ ထားတယ်။ တိုင်းရင်းသားတွေအတွက် တကယ်လိုအပ်တဲ့ အခွင့်အရေးတွေကို ပါ၀င်လာဖို့ ဆွေးနွေးသွားမှာပါ”ဟု ပြောသည်။
ယခုဆွေးနွေးပွဲအပြီးတွင် တိုင်းရင်းသားလူမျိုးများအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး ပိုမိုထူးခြားလာနိုင်သည်ဟုလည်း တိုင်းရင်းသားရေးရာဝန်ကြီးအချို့က သုံးသပ်သည်။
ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကလည်း “ရခိုင်မှာ အခုသံတွဲပဋိပက္ခနဲ့ ပတ်သက်ပြီး အဖမ်းခံ ထားရတဲ့ကိစ္စကိုလည်း ဆွေးနွေးမှာပါ”ဟု ဆိုသည်။
နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများသည် နှစ်ကြိမ်တွေ့ဆုံပြီး ယခုနှစ်အတွင်း တစ်ကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်သည်။