အင်းလေးဟိုတယ်များထံမှ ငွေကြေးကောက်ခံရန် ရှမ်းပြည်အစိုးရကို အင်းဝန်ကြီး တိုက်တွန်းမည်

အင်းလေးဟိုတယ်များထံမှ ငွေကြေးကောက်ခံရန် ရှမ်းပြည်အစိုးရကို အင်းဝန်ကြီး တိုက်တွန်းမည်
by -
မဇ္စျိမ

အင်းလေးဇုံအတွင်း လည်ပတ်လျက်ရှိသော ဟိုတယ်များထံမှ အင်းလေးကန် ဖွံ့ဖြိုးရေးအတွက် အခကြေးငွေ ကောက်ခံ ရန်  ရှမ်းပြည်နယ်အစိုးရကို တိုက်တွန်းသွားမည်ဟု အင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဝင်းမြင့်က မဇ္ဈိမကို ပြောသည်။

“သမ္မတကြီးလာတုန်းက လက်ရှိလည်ပတ်နေတဲ့ ဟိုတယ်တွေဆီက ထိုက်သင့်တဲ့ ငွေကြေးကောက်ခံဖို့ ညွှန်ကြား ထားပါတယ်။ ရှမ်းပြည်နယ်အစိုးရကို ညွှန်ကြားထားပါတယ်။ ကောက်ခံရရှိခြင်း မရှိသေးပါဘူး” ဟု အင်းတိုင်းရင်းသား ၀န်ကြီး ဦးဝင်းမြင့်က ပြောသည်။

အင်းလေးဇုန်အတွင်းရှိ ဟိုတယ်များထံမှ ငွေကြေးကောက်ခံရန် သမ္မတဦးသိန်းစိန်က ၂၀၁၂ခုနှစ် မတ်လက ညွှန်ကြား ထားခဲ့ဖူးသော်လည်း ရှမ်းပြည်နယ်အစိုးရမှ ကောက်ခံခြင်းမရှိသေးကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီးပွားရေးနှင့် စီမံကိန်းဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကျော်ညွန့်ကမူ “သမ္မတက တရားဝင်ညွှန်ကြားထားတာ မဟုတ်ပါဘူး။ ဒီဒေသမှာ လာရောက်လုပ်ကိုင်တဲ့ လုပ်ငန်းရှင်တွေအနေနဲ့ သူတို့လုပ်ငန်း တွေ အောင်မြင်ရင် အင်းလေးကန် ဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး ပြန်လည် လှူဒါန်းဖို့ ပြောတာပဲ ဖြစ် ပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း ပြည်သူ့သဘောဆန္ဒမပါဘဲ ဘာအတွက်ပေးပါ။ ညာအတွက်ပေး ပါဆိုပြီး ကောက်ခံလို့ မရပါဘူး” ဟု ပြောသည်။

လက်ရှိ အင်းလေးဒေသတွင် လည်ပတ်နေသော ဟိုတယ်အရေအတွက် အလုံး ၄၀ ခန့်ရှိသည်ဟု အင်းတိုင်းရင်းသား ရေးရာဝန်ကြီးက ပြောသည်။

အင်းလေးကန် ရေရှည်တည်တံ့ရေးနှင့် စိမ်းလန်းစိုပြေရေးကော်မတီကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ သတ္တု နှင့် သစ်တောရေးရာဝန်ကြီးက ဥက္ကဋ္ဌ၊ အင်းတိုင်းရေးရာဝန်ကြီးက ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ဖွဲ့စည်းထား သည်။

ယင်းကော်မတီအနေဖြင့် အင်းလေးဇုံသို့ ၀င်ရောက်လည်ပတ်နေသော နိုင်ငံခြားသား ဧည့်သည်များထံမှ ကောက်ခံရရှိ သည့် ငွေ၏ ၅၀ ရာခိုင်နှုန်းကိုလည်း အင်းလေးဒေသဖွံ့ဖြိုးရေးနှင့် အင်းလေးကန် ထိန်းသိမ်းရေးအတွက်၂၀၁၃ ခုနှစ် ဧပြီလမှစတင်ကာ ရှမ်းပြည်နယ်အစိုးရထံမှ ခွဲတန်းရရှိထားသည်။ ထို့အပြင် နိုင်ငံခြားဧည့်ဝင်ကြေးကိုလည်း လာမည့် အောက်တိုမှ စတင်ကာ လက်ရှိကောက်ခံနေသော ၅ ဒေါ်လာမှ ၁၀ ဒေါ်လာသို့ တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။

ယင်းကော်မတီမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် လက်ရှိအခြေအနေထိ နိုင်ငံတကာ အဖွဲ့အစည်းများမှ လှူဒါန်းငွေ၊ အင်းလေးဒေသမှ ရရှိငွေ စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၄,၀၀၀ကျော် ရရှိခဲ့ပြီးဖြစ်သည်။ ထို့အပြင် နိုင်ငံတကာ တောင်တန်းဒေသ ထိန်းသိမ်းရေးအဖွဲ့ ICIMOD ကလည်း အင်းလေးကန် အနောက်ဘက်ခြမ်းရှိ ရေဝေရေလဲဒေသများ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုများ ပြုလုပ်နိုင်ရန် ကန်ဒေါ် လာငါးသိန်း ထောက်ပံ့ရန် ရှိနေသည်။