အင်းလေးဒေသသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသား ဧည့်သည်များအား တစ်ဦးလျှင် အမေရိ ကန်ဒေါ်လာ ငါးဒေါ်လာ ကောက်ခံနေရာမှ အောက်တိုဘာလမှ စကာ ၁၀ ဒေါ်လာ တိုးမြှင့် ကောက်ခံမည်ဖြစ်ပြီး ထိုကောက်ခံ ရငွေအား အင်းလေးဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးနိုင်ရန် အင်းတိုင်းရင်းသားများက တောင်းဆိုကြမည်ဟု အင်းတိုင်းရင်းသားဝန်ကြီး ဦးဝင်းမြင့်က မဇ္ဈိမကို ပြောသည်။
“ထပ်တိုးကောက်မယ့် ငါးဒေါ်လာကို ဘယ်လို အသုံးပြုမယ်ဆိုတာ မသိသေးဘူး။ အင်းတိုင်းရင်းသားတွေကတော့ အင်းလေးကန် ထိန်းသိမ်းရေးလုပ်ငန်းတွေအတွက် ရရှိအောင် အစိုးရကို တင်ပြမယ်။ နဂိုကရှိတဲ့ ငါးဆယ်ရာနှုန်း က အင်းလေးဇုန်တစ်ခုလုံး ပြုပြင်ဖို့မလုံလောက်ဘူး”ဟု ဦးဝင်းမြင့်က ပြောသည်။
ယခင်က အင်းလေးဒေသသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသားများထံမှ ရရှိသောငွေမှ ၅၀ ရာခိုင်နှုန်း ကို ပြည်ထောင်စုအစိုးရသို့ အပ်နှံရပြီး ယခုနှစ် ဧပြီလမှစတင်ကာ ကျန် ၅၀ ရာခိုင်နှုန်းကို အင်းလေးဒေသ ဖွံ့ဖြိုးရေး အတွက် အသုံးပြုရန် အင်းလေးကန် ရေရှည်တည်တံ့ရေးနှင့် စိမ်းလန်းစိုပြေရေး ကော်မတီက ရရှိသည်။ ယခင်ကာလများက အင်းလေးဒေသမှ ရရှိသော ၀င်ငွေများကို အင်းလေးဒေသက အသုံးပြုခွင့် မရကြောင်း ၀န်ကြီး ဦးဝင်းမြင့်က ပြောသည်။
“တကယ်လို့ ရတယ်ဆိုရင် အင်းလေးဒေသ ဖွံ့ဖြိုးရေးအတွက် တစ်ပြားမကျန် အသုံးပြုသွားမှာပါ”ဟု အင်းတိုင်းရင်း သားရေးရာဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။
အင်းလေးဒေသတွင် နိုင်ငံခြားဧည့်ဝင်ကြေးကို တိုးမြှင့်ကောက်ခံရန် ယခုနှစ် မေလအတွင်းက သဘာဝ ပတ်ဝန်းကျင် နှင့် သစ်တောရေးရာဝန်ကြီး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးတို့က ညွှန်ကြားခဲ့ခြင်း ဖြစ်သည် ဟု ဆိုသည်။
ယခင်နှစ်က အင်းလေးဒေသသို့ နိုင်ငံခြားသား ဧည့်သည် တစ်သိန်း ၀င်ရောက်ခဲ့သည်ဟု အင်းတိုင်းရင်းသားရေးရာဝန် ကြီး က ပြောသည်။
အင်းလေးကန် ရေရှည်တည့်တ့ံရေးနှင့် စိမ်းလန်းစိုပြေရေး ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ရှမ်းပြည်နယ် သတ္တုနှင့် သစ်တောဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၊ ဒု-ဥက္ကဋ္ဌ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်၊ ညောင်ရွှေမြို့ နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် အင်း၊ ဓနု၊ ပအိုဝ်း၊ တောင်ရိုး၊ ရှမ်းစာပေယဉ်ကျေးမှု ကိုယ်စားလှယ်တစ်ဦးစီက အဖွဲ့ဝင်များအဖြစ် ပါ၀င်ကြပြီး အဖွဲ့ဝင် စုစုပေါင်း ၃၀ ဦးရှိသည်။
ယင်းကော်မတီမှ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် လက်ရှိအခြေအနေထိ နိုင်ငံတကာအဖွဲ့အစည်းများမှ လှူဒါန်းငွေ၊ အင်းလေးဒေသမှ ရရှိငွေ စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၄,၀၀၀ ကျော် ရရှိခဲ့ပြီးဖြစ်သည်ဟုလည်း ယင်းကော်မတီ ဒု-ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းမြင့်က ပြောသည်။
ယင်းကော်မတီအနေဖြင့် ရရှိသော ၀င်ငွေများကို အင်းလေးကန် အနောက်ဘက် ချောင်းတွင် တင်နေသော နုန်းနွံများ တူးဖော်ရန် ဆည်မြောင်းဝန်ကြီးဌာနကို ကျပ်ငွေ သိန်းတစ်ရာ လွှဲပေးခြင်း၊ ညောင်ရွှေ ဘက်တွင် အသုံးပြုနိုင်ရန် ကျပ်သိန်း၂၀၀ ကျော် ချထားပေးခြင်း၊ အင်းလေးကန် အနောက်ဘက် လယ်ကန်သင်း များ ပိတ်ရန် ဧကတစ်ရာကျော် အတွက် သိန်းနှစ်ရာ့ငါးဆယ်ကျပ်၊ စုစုပေါင်း ကျပ်သိန်းငါးရာ ကျော်ခန့် သုံးစွဲပြီးဖြစ် သည်ဟု အင်းတိုင်းရင်းသားရေးရာ ၀န်ကြီးက ဆိုသည်။
အင်းလေးကန် အနောက်ဘက်ခြမ်းရှိ ရေဝေရေလဲဒေသများ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုများ ပြုလုပ်နိုင်ရန် အတွက် နိုင်ငံတကာ တောင်တန်းဒေသ ထိန်းသိမ်းရေးအဖွဲ့ဖြစ်သည့် ICIMOD က ကန်ဒေါ်လာ ငါးသိန်း ထောက်ပံ့ရန် ရှိသည် ဟုလည်း သိရသည်။