တရုတ်-မြန်မာနယ်စပ်မြို့ မူဆယ်ကို အဆင့်မြှင့်မည်ဟု ၀န်ကြီးဆို

တရုတ်-မြန်မာနယ်စပ်မြို့ မူဆယ်ကို အဆင့်မြှင့်မည်ဟု ၀န်ကြီးဆို
by -
မဇ္စျိမ

တရုတ်နိုင်ငံ ရွှေလီမြို့နှင့် ဆက်စပ်နေသည့် မြန်မာနိုင်ငံမူဆယ်မြို့မှ လက်ရှိဖွင့်လှစ်ထားသည့် နယ်စပ်ဂိတ်အားနိုင်ငံ တကာ နယ်စပ်ဂိတ်အဖြစ် အဆင့်မြှင့်ရန် စီစဉ်လျက်ရှိသည်။

ယင်းမှာ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လာရောက်မှုအား မြှင့်တင်သည့်အနေဖြင့် ထိုင်းနိုင်ငံနယ်စပ်ဂိတ်များ အား ဖွင့်လှစ်ပြီး နောက်တွင် ဒုတိယ အဆင့်အနေဖြင့် ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်သည်ဟု မြန်မာ့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ၀န်ကြီးဦးခင်ရီက လွန်ခဲ့သော တနင်္ဂနွေနေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် စင်ဟွာသတင်းဌာနသို့ပြောသည်။ “နှစ်လ၊သုံးလအတွင်း ဖြစ်လာနိုင်မှာပါ” ဟု ဦးခင်ရီက ဆိုသည်။

တရားဝင် နိုင်ငံကူးလက်မှတ်နှင့် ပတ်စပို့ကိုင်ဆောင်ထားသော နိုင်ငံခြားသားများအား မြန်မာနိုင်ငံအတွင်းသို့ ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော်တို့တွင် ၀င်ထွက်သကဲ့သို့ မူဆယ်မှတစ်ဆင့် ၀င်ခွင့်ထွက် ခွင့်ပေးသွားမည် ဟုလည်း ၎င်းကထပ်လောင်းပြောကြားသွားသည်။

ယခင်အချိန်များတွင် မူဆယ်စစ်ဆေးရေးဂိတ်မှ ၀င်ရောက်လာသည့် နိုင်ငံခြားသားများအား ယာယီဖြတ်သန်းခွင့် လက်မှတ်ဖြင့် နယ်စပ်မှတစ်ဆင့် ၀င်ခွင့်ပေးခဲ့သော်လည်း ၀င်ခွင့်ပေးသည့် ဂိတ်မှပြန်လည်ထွက် ခွါခဲ့ရသည်။ မြန်မာနိုင်ငံသားများမှာလည်း ထိုကဲ့သို့ပင် ဆောင်ရွက်ခဲ့ရသည်။

နယ်စပ်ဂိတ်များအား နိုင်ငံတကာခရီးသွားများ ၀င်ထွက်နိုင်သည့် ဂိတ်များအဖြစ် အသွင်ပြောင်းသည့် ပထမ အဆင့်တွင် မြန်မာနိုင်ငံအနေဖြင့် သြဂုတ်လ ၂၈ ရက်တွင် ထိုင်း-မြန်မာနယ်စပ်ရှိ နယ်စပ်ဂိတ်များ ဖြစ်သော တာချီလိတ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်၊ တစ်ခီ-ဆန်နာရောင်နှင့် ကော့သောင်း -ရနောင်းဂိတ်များအား ဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံတွင် အိမ်နီးချင်းနိုင်ငံများ နှင့် ဖွင့်လှစ်ထားသည့် နယ်စပ်ဂိတ်ပေါင်း ၁၆ ခုရှိသည်။

မြန်မာအစိုးရအနေဖြင့် ဗီဇာအမျိုးမျိုးအား ထုတ်ပေးလျက်ရှိသည်။ ၎င်းတို့မှာ ၀င်ရောက်ခွင့်ဗီဇာ၊ သံတမန်ဗီဇာ၊ သံအဖွဲ့ဝင်များအတွက် ပြည်ဝင်ခွင့်ဗီဇာ၊ ကမ္ဘာလှည့် ဗီဇာ၊ စီးပွားရေး ဗီဇာ၊ ဖြတ်သန်းခွင့်ဗီဇာများအား ထုတ်ပေးလျက်ရှိသည်။

၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာသည့် ခရီးသွားဧည့်သည်ပေါင်း ၁ ဒသမ ၀၂ သန်း ရှိခဲ့ပြီး ယင်းမှာ ၂၀၁၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၈၂၀,၀၀၀ ခန့် မြင့်တက်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ်တွင် ခရီးသွားဧည့်သည်ပေါင်း နှစ်သန်း၊ ၂၀၁၄ ခုနှစ်တွင် သုံးသန်းခန့် လာရောက် လည်ပတ်လိမ့်မည်ဟု မျှော်မှန်းထားသည်။

Most read this week