ပြုပြင်ပြောင်းလဲမှုများကို အကောင်းမြင်လွန်းပါက လမ်းပျောက်သွားနိုင်ဟု ဒေါ်စု သတိပေး

ပြုပြင်ပြောင်းလဲမှုများကို အကောင်းမြင်လွန်းပါက လမ်းပျောက်သွားနိုင်ဟု ဒေါ်စု သတိပေး
by -
မဇ္စျိမ

မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ထိထိရောက်ရောက် ဆောင်နိုင်ခြင်း မရှိသေးဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုလိုက်ပြီး ပြောင်းလဲမှုများကို အကောင်းမြင်လွန်းပါက လမ်းပျောက်သွားစေနိုင်သည်ဟု သတိပေးပြောကြားလိုက်သည်။

ချက်သမ္မတနိုင်ငံ Prague မြို့တွင် စက်တင်ဘာ ၁၆ ရက်က ကျင်းပသည့် ၁၇ ကြိမ်မြောက် Forum 2000 ညီလာခံ အဖွင့်မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကျွန်မနေနဲ့အကောင်း မြင်လွန်းတာတွေကို မကြာခဏဆိုသလို ဆန့်ကျင်သတိပေး ပြောကြားခဲ့ပြီးပါပြီ။ ဘာလို့လဲ ဆိုတော့ ဒီလိုအကောင်း မြင်တာမျိုးက ကျွန်မတို့ကို တင်းတိမ်ရောင့်ရဲသွားစေနိုင်ပါတယ်။ ကျွန်မတို့ကို လမ်းကြောင်း ပျောက်သွားစေနိုင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

အလားတူ မြန်မာနိုင်ငံ၏ အခြေအနေ သည် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် မှန်ကန်သည့် လုပ်ဆောင်ချက်များ ချမှတ်နိုင်ရန်လည်း အရေး ကြီးသည်ဟုဆိုလိုက်ပြီး စိန်ခေါ်မှုစံချိန် အမြင့်ဆုံးဖြစ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“လက်ရှိအချိန်ဟာ ထောင်တွေထဲမှာ ဒီမိုကရေစီစနစ်အတွက် ရုန်းကန်နေတဲ့သူတွေနဲ့ ပြည့်နှက်နေတဲ့အချိန် မဟုတ်ပါဘူး။ သို့သော် လက်ရှိအချိန်ဟာ စိန်ခေါ်မှုအရှိဆုံးအချိန်ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ အနေနဲ့ လက်ရှိအချိန်မှာရနေတဲ့ အခွင့်အရေးကို ကျွန်မတို့က အကောင်းဆုံး အသုံးမချနိုင်ခဲ့ဘူးဆိုရင် နောက်တစ်ကြိမ် ပြန်ရဖို့ဆိုတာ တော်တော်နဲ့မဖြစ်နိုင်ပါဘူး။ မှန်ကန်တဲ့ရွေးချယ်မှု၊ မှန်ကန်တဲ့ဆုံးဖြတ်ချက် ဖြစ်ဖို့ဆိုတာဟာ အသွင် ကူးပြောင်းရေးကာလအတွင်းမှာ အရေးကြီးဆုံးပါပဲ” ဟုဆိုသည်။

၁၉၉၇ ခုနှစ်တွင် ချက်သမ္မတဟောင်း ဗားစလက်ခဟာဗယ် စတင်ထူထောင်ခဲ့သည့် Forum 2000 သည် ကမ္ဘာ့ခေါင်းဆောင်များ၊ ပညာရှင်များက နိုင်ငံရေး၊ လူ့အခွင့်အရေး၊ စီးပွားရေး အခြေအနေများကို ဆွေးလေ့ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါဆွေးနွေးပွဲများသို့ တက်ရောက်ဆွေးနွေးရန် ဖိတ်ကြားခြင်းခံခဲ့ရသော်လည်း ယခုနှစ်တွင်မှ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

Forum အဖွင့်မိန့်ခွန်းတွင် သမ္မတဟောင်း ဗားစလက်ခ်ဟာဗယ်ကိုလည်း ဂုဏ်ပြုစကားဆိုခဲ့ပြီး သမ္မတဟာဗယ် ဆိုခဲ့သကဲ့သို့ မြန်မာနိုင်ငံ၏အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များအတွက် ပြင်းပြင်းထန်ထန် ခရီးနှင်ရဦးမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သည်။ ဗားစလက်ခ်ဟာဗယ်သည် ဒေါ်အောင်ဆန်းစုကြည်ငြိမ်းချမ်းရေး နိုဗယ်လ်ဆု ရရှိရန် ၁၉၉၁ ခုနှစ်တွင် အဆိုတင်သွင်းခဲ့သူလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသည် သယံဇာတပေါများသော်လည်းတိုင်း နေလူအများမှာ ဆင်းရဲလျက်ရှိ သည်ဟုဆိုကာ “ကျွန်မတို့ နိုင်ငံက သဘာဝသယံဇာတတွေ ပေါကြွယ်ဝပါတယ်။ ဒါပေမယ့်လူတွေကတော့ ဆင်းရဲ ပါတယ်။ ကျွန်မအနေနဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ကြွယ်ဝရှင်သန်စေချင်ပါတယ်။ ကျွန်မအနေနဲ့ ပြည်သူ တွေရဲ့ အရည်အချင်းတွေ ကြွယ်ဝချမ်းသာလာစေချင်ပါတယ်” ဟု ပြောသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ စက်တင်ဘာ ၁၁ ရက်မှစတင်ခဲ့သော ဥရောပခရီးစဉ်များအတွင်း ပိုလန်၊ ဟန်ဂေရီ၊ ချက်သမ္မတနိုင်ငံတို့သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ သူ၏ဥရောပ သုံးနိုင်ငံခရီးစဉ်ကို စက်တင်ဘာ ၁၆ ရက်တွင် အဆုံးသတ်ခဲ့သည်။