အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် တိုင်းရင်းသားတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး အဓိကထားပြောကြား

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် တိုင်းရင်းသားတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး အဓိကထားပြောကြား
by -
မဇ္စျိမ

အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားကို နေပြည်တော်တွင် စက်တင်ဘာ ၁၅ ရက်က ကျင်းပခဲ့ရာ ထိုအခမ်းအနား၌ တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်ပတ်သက်၍ တိုင်းရင်းသား ပါတီများက အများဆုံး အဆိုပြုတင်သွင်းခဲ့ကြသည်။

နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် သဘင်ဆောင်တွင်ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် တိုင်းရင်း သားပါတီအများအပြားက စာတမ်းများဖတ်ကြားခဲ့ပြီး ၎င်းတို့၏ စာတန်းတို့တွင် ကိုယ်ပိုင် ပြဌာန်းခွင့် သည်သာစစ်မှန် သော ဒီမိုကရေစီဖြစ်သည်ဟု ထည့်သွင်း ဖတ်ကြားခဲ့ကြခြင်းဖြစ်သည်။

အင်းအမျိုးသား ပါတီဥက္ကဋ္ဌ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က “ကျွန်တော်တို့ရဲ့စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးကိစ္စတွေ ဆုံးဖြတ်ရာမှာ ကျွန်တော်တို့ပါ၀င်ခြင်းမရှိဘဲ အခြားသောသူများက ဆုံးဖြတ်တဲ့ အခြေအနေ ကနေ ကျွန်တော်တို့လွတ်မြောက်ချင်ပါပြီ” ဟု ၎င်း၏ စာတမ်းတွင် ထည့်သွင်းဖတ်ကြားခဲ့သည်။

၎င်းအပြင် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအခြေစိုက် “၀” ဒီမိုကရက်တစ်ပါတီ အထွေအထွေအတွင်းရေးမှူး ဦးဆိုင်းပေါင်းနပ်ကလည်း “ဒီမိုကရေစီစနစ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့် တန်းတူခွင့်တွေရှိ တာကြောင့် ကျွန်တော်တို့ ဒီမိုကရေစီစနစ်ကို ကြိုးပမ်းတာဖြစ်ပါတယ်” ဟု ၎င်း၏ စာတမ်းတွင် ထည့်သွင်း ဖတ်ကြားကာ ထုတ်ဖော် ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်အစိုးရ၏ သက်တမ်းအတွင်း သယံဇာတ၊ အုပ်ချုပ်ရေး၊ တာဝန်ခွဲဝေရေး၊ ဘတ်ဂျက်ခွဲဝေရေး ကိစ္စများကို တိုင်းရင်းသားများတောင်းဆိုလာကြသည်။ သမ္မတ၏အကြံပေးများ၊ ပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် မြန်မာ့ဖွ့ံဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့အစည်း (MDRI) ကဆိုလျှင် ဦးသိန်းစိန် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးသည် အရေးပါသော်လည်း ထိုကိစ္စကို အကောင်အထည်ဖော်ရန် အလှမ်းဝေးနေဆဲဟု စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဒီမိုကရေစီနေ့အခမ်းအနားတွင် ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီမှ တင်သွင်းသည့် စာတမ်းကို အောက်လွှတ်တော် အမတ် ဒေါ်နန်းစေးအွာကဖတ်ကြားရာ ထိုစာတမ်းတွင် အချုပ်အခြာအာဏာများကို ခွဲဝေသုံးစွဲ ခွင့်ပြုမှ သာတန်း တူညီမျှသော အခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးကို ပြည်သူပြည်သားတိုင်းခံစားခွင့်ရ မည်ဖြစ်ကြောင်း ပါ၀င်ခဲ့သည်။

လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့ဖြင့် စုစည်းထားသည့် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများ စုစည်းထား သည့် ညီညွတ်သောတိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA) တို့ကပူးတွဲကာ အခြေခံဥပဒေသစ်ကို ရေးဆွဲနေ ကြသည်။

ထိုအခြေခံဥပဒေတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ဟုဆိုသော တိုင်းရင်းသား လူမျိုး ရှစ်ခုကို အခြေခံသော ရှစ်ပြည်နယ် ပြန်လည်သတ်မှတ်ရန်မူကို အခြေခံထားသည်ဟု တိုင်းရင်းသားခေါင်းဆောင်များကပြော ကြသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွ့ံဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက “ရှစ်ပြည်နယ် ၊ ၁၄ ပြည်နယ် ခွဲထွက်ရေးထက် နိုင်ငံကောင်းအောင် ကြိုးပမ်းကြရမှာပေါ့။ ပြည်နယ်တွေဆိုတာ အုပ်ချုပ်ရေးအရ လူဦးရေအရ နယ်မြေအရ ဖွဲ့ထားတာလောက်ပဲ” ဟုမဇ္ဈိမကိုပြောသည်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေဒီနေ့အခမ်းအနားသို့ သမ္မတဦးသိန်းစိန်၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ဂီမွန်းနှင့် အပြည်ပြည်ဆိုင်ရာပါလီမန်များ သမဂ္ဂ (IPU) ဥက္ကဋ္ဌတို့ကလည်း သဝဏ်လွှာများ ပေးပို့ခဲ့သည်။

အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအပါအဝင်ပါတီ ၁၇ ခုက စာတမ်းဖတ်ကြားခဲ့ပြီး၊ ကျောင်းသားလူငယ်များ၊ လူထုကိုယ်စားပြု ကိုယ်စား လှယ် တစ်ဦး၏ စာတမ်းကိုလည်း ဖတ်ကြားခဲ့သည်။

ယခုကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားသည် မြန်မာနိုင်ငံတွင် သုံးကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။

Most read this week